မော်ရိုကိုနိုင်ငံ၌ ကျင်းပသော အစည်းအဝေးတက်ရောက်ခဲ့သည့် ဒုတိယသမ္မတဦးမြင့်ဆွေ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

မော်ရိုကိုနိုင်ငံ၌ ကျင်းပသော အစည်းအဝေးတက်ရောက်ခဲ့သည့် ဒုတိယသမ္မတဦးမြင့်ဆွေ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
Published 22 March 2018

မော်ရိုကိုနိုင်ငံ၌ ကျင်းပသော Crans Montana Forum on Africa and South-South Cooperation အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့မှ မတ် ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယသမ္မတနှင့်အဖွဲ့အား မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာပြည်နယ် အုပ်ချုပ်ရေးမှူး H.E.Mr.Zitouni၊ မော်ရိုကိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်နှင့် တာဝန်ရှိသူများက မော်ရိုကိုနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပဉ္စမမြောက် မိုဟာမက် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။

ဒုတိယသမ္မတနှင့်အဖွဲ့သည် မတ် ၂၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။