ဝင်ငွေခွန်အဖြစ် နှစ်တစ်နှစ်အတွင်း ကျပ် ၄၈ သိန်းအထက် ရရှိပါက ဝင်ငွေခွန်ထမ်းဆောင်ရန် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ထည့်သွင်းအတည်ပြု

ဝင်ငွေခွန်အဖြစ် နှစ်တစ်နှစ်အတွင်း ကျပ် ၄၈ သိန်းအထက် ရရှိပါက ဝင်ငွေခွန်ထမ်းဆောင်ရန် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ထည့်သွင်းအတည်ပြု
Published 21 March 2018

ဝင်ငွေခွန်အဖြစ် နှစ်တစ်နှစ်အတွင်း ကျပ် ၄၈ သိန်းအထက် ရရှိပါက ဝင်ငွေခွန်ထမ်းဆောင်ရန် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ထည့်သွင်းအတည်ပြုခဲ့သည်။

၂၀၁၈ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အခန်း ၇ တွင် လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် ၄၈ သိန်းအထက် ရရှိသူဖြစ်လျှင် ရရှိသည့် လစာဝင်ငွေ စုစုပေါင်းအပေါ်တွင် ဝင်ငွေခွန် ထမ်းဆောင်ရမည်။ လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် ၄၈ သိန်းအထက်ရရှိသူဖြစ်လျှင် သို့မဟုတ် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့် အခြားရလမ်းများမှ ဝင်ငွေဖြစ်လျှင် မည်သူ့ကိုမဆို စုစုပေါင်းဝင်ငွေမှ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် ဝင်ငွေအလွှာအလိုက် စည်းကြပ်ရမည့် ဝင်ငွေခွန်နှုန်းထားများကို အောက်ပါအတိုင်း သတ်မှတ်ကြောင်း၊ ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေအလွှာ ၁ ကျပ်မှ သိန်း ၂၀ အထိအား သုညရာခိုင်နှုန်း၊၂,၀၀၀,၀၀၁ ကျပ်မှ ၅,၀၀၀,၀၀၀ ကျပ် အထိ ငါးရာခိုင်နှုန်း၊ ၅,၀၀၀,၀၀၁ ကျပ်မှ ၁၀,၀၀၀,၀၀၀ ကျပ်အထိအား ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁၀,၀၀၀,၀၀၁ မှ ၂၀,၀၀၀,၀၀၀ ကျပ်အထိ ၁၅ ရာခိုင်နှုန်း၊၂၀,၀၀၀,၀၀၁ ကျပ်မှ ၃၀,၀၀၀,၀၀၀ ကျပ်အထိ ၂၀ ရာခိုင်နှုန်း၊ ၃၀,၀၀၀,၀၀၁ ကျပ်နှင့်အထက်အား ၂၅ ရာခိုင်နှုန်းအထိ သတ်မှတ်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ အပိုဒ် ၂၀ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၊ ၂) တို့အရ အခြေခံ သက်သာခွင့် ခွင့်ပြုငွေသည် ဝင်ငွေအမျိုးအစား တစ်ခုစီ၏ ရာခိုင်နှုန်း ၂၀ နှင့် ညီမျှသောငွေ ဖြစ်ရမည်။ သို့ရာတွင် နှစ်တစ်နှစ်အတွက် အခြေခံသက်သာခွင့် ခွင့်ပြုငွေ စုစုပေါင်းသည် ကျပ်သိန်း ၁၀၀ ထက် မပိုစေရ၊ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(က)ပုဒ်မခွဲငယ်(၁၊ ၂) တို့အရ အောက်ပါသက်သာခွင့် ခွင့်ပြုငွေကို ဝင်ငွေခွန် ဥပဒေပုဒ်မ ၆၊ ပုဒ်မ ခွဲ(ဂ)၊ ပုဒ်မခွဲငယ် (၂) ပါ တစ်ဦးချင်းပုဂ္ဂိုလ်၏ စုစုပေါင်းဝင်ငွေမှ နုတ်ပယ်၍ ကျန်ငွေအပေါ်တွင် ဝင်ငွေခွန်စည်းကြပ်ရမည် (က) အတူနေ မိဘတစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ၊ အိမ်ထောင်ဖက်တစ်ဦး အတွက်သာလျှင် ကျပ် ၁၀ သိန်း၊ သားသမီး တစ်ဦးလျှင် ကျပ်ငါးသိန်းစီ၊ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ မနုတ်မီ ပြည်ပနေနိုင်ငံသား၏ ကင်းလွတ်ခွင့်ရရှိသည့် ဝင်ငွေခေါင်းစဉ်မှတစ်ပါး နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်ဟု ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းအား တင်သွင်းစဉ်တွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီက လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် သိန်း ၆၀ အထိ ရရှိသူဖြစ်လျှင် မည်သူ့ကိုမျှ  ဝင်ငွေခွန်စည်းကြပ်ခြင်း မပြုရ။ ထိုသို့ စည်းကြပ်ခြင်း မပြုသဖြင့် ကင်းလွတ်ခွင့်ရသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံ အထာက်အထားကို တောင်းခံလာပါက သတ်မှတ်ချက်များနှင့်အညီ ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပေးရမည်။ သို့ရာတွင် လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ်သိန်း ၆၀ အထက် ရရှိသူဖြစ်လျှင် ရရှိသည့် လစာဝင်ငွေ စုစုပေါင်း အပေါ်တွင် ဝင်ငွေခွန် ထမ်းဆောင်ရမည်ဟု အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း သိရသည်။

မတ် ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား တစ်ပိုဒ်ချင်းစီလိုက် အတည်ပြုချိန်တွင် ကန့်သတ်ချက်ဖြင့် အခွန်သက်သာခွင့် ပြုခြင်းကို သီးခြားဥပဒေ တစ်ရပ်အဖြစ် ဆောင်ရွက်ရန် ဖြစ်သဖြင့် အပိုဒ် ၁၉ တွင် ဖော်ပြထားသည့် လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေသတ်မှတ်ချက်ကို မူလအဆိုပြုချက်ဖြစ်သည့် လစာမှ နှစ်တစ်နှစ်အတွင်း ကျပ် ၄၈ သိန်းအထက် ရရှိသူဖြစ်ပါက အခွန်ထမ်းဆောင်ရမည်ဟု သတ်မှတ်သင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက မှတ်ချက်ပြုသကဲ့သို့ ပြည်ထောင်စု လွှတ်တော်ကလည်း ဆုံးဖြတ်အတည်ပြုခဲ့သည်။