၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးအား ဒီဇင်ဘာတွင် ကျင်းပပါက တစ်နှစ် နှစ်ကြိမ် သတ်မှတ်ချက်ကို ဆောင်ရွက်နိုင်မည် ဖြစ်သော်လည်း အနှစ်သာရရှိမည် မဟုတ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးအား ဒီဇင်ဘာတွင် ကျင်းပပါက တစ်နှစ် နှစ်ကြိမ် သတ်မှတ်ချက်ကို ဆောင်ရွက်နိုင်မည် ဖြစ်သော်လည်း အနှစ်သာရရှိမည် မဟုတ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 4 November 2017

၂၀၁၇ ခုနှစ် မေက နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို တွေ့ရစဉ်

၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးအား ဒီဇင်ဘာတွင် ကျင်းပပါက တစ်နှစ် နှစ်ကြိမ် သတ်မှတ်ချက်ကို ဆောင်ရွက်နိုင်မည် ဖြစ်သော်လည်း အနှစ်သာရ ရှိမည်မဟုတ်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

နေပြည်တော်၌ အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပပါက ဒုတိယ အစည်းအဝေးတွင် ဆွေးနွေးရန် ကျန်ရှိခဲ့သည့် အချက်များ ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ပြီး ညီလာခံကျင်းပမည့်ရက်အား သတ်မှတ်ခဲ့ခြင်း မရှိသော်လည်း အစိုးရ အနေဖြင့် ဒီဇင်ဘာလတွင် ကျင်းပရန် ရည်မှန်းလျက်ရှိကြောင်း သိရသည်။

“အခုဟာက အစိုးရဘက်ကတော့ သူ့ Process ကို သွားချင်တာပေါ့နော်။ အချိန် သတ်မှတ်ချက်အရ ဆိုရင် တစ်နှစ်ကိုနှစ်ခါ ဆိုတော့ လုပ်ကိုလုပ်ရမယ့်သဘော ရှိတာပေါ့နော်။ ဒါပေမဲ့ အခု ကျွန်တော်တို့က ဖြစ်စဉ်ကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်နိုင်ဖို့က နည်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အခု အားလုံးသိတဲ့အတိုင်း ဒုတိယအကြိမ် ပင်လုံညီလာခံတုန်းက ရလာတဲ့ ပြည်ထောင်စု သဘောတူညီချက် ၃၇ ချက်က မကျေမလည်နဲ့ ရလာတဲ့ဟာလေ။ ဒီဘက်က ကျွန်တော်တို့လည်း မကျေလည်ဘဲနဲ့ ရလာတဲ့အတွက် ကျွန်တော်တို့ အခု Process ကို Review (ပြန်လည်သုံးသပ်ခြင်း) လုပ်နေတာကို။ NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်း လုပ်တယ်။ အစိုးရနဲ့ EAO (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ) ဘက်က လုပ်ပြီးပြီ။ နောက်တစ်ခုက ကျွန်တော်တို့ ကြားထဲမှာလည်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် Joint Review (ပူးတွဲသုံးသပ်ခြင်း) နောက်တစ်ခါ ထပ်လုပ်ရဦးမယ်လေ။ ဒီတော့က ဒီကြားထဲမှာ လုပ်စရာတွေ အများကြီး ရှိတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ရှိတယ်။ ရှမ်းနဲ့ရခိုင်က ကျန်သေးတယ်။ အဲဒီလိုတွေပေါ့။ ကျွန်တော်တို့ အချိန်ဇယားတွေ ကြည့်လိုက်တော့ ဒီဇင်ဘာလဆိုတာ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းက နည်းသွားပြီ။ အစိုးရကတော့ အဲဒီလို (ဒီဇင်ဘာမှာ လုပ်ချင်တဲ့) အနေအထား ရှိတယ်။ ဒါပေမဲ့ အဲဒီလို လုပ်မယ်ဆိုရင် ဘာမှ ရလာမှာ မဟုတ်ဘူးလေ။ Process အရတော့ သွားနိုင်မယ်။ ဒါပေမဲ့ အနှစ်သာရ ဘာမှ ရလာမှာ မဟုတ်ဘူး၊ ဘာမှထူးမှာ မဟုတ်ဘူး။ ဒုံရင်းဒုံရင်းပဲ ဖြစ်မယ်လေ” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

NCA အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်သည့်အခါ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြားတွင် NCA အား အကောင်အထည်ဖော်ရာတွင် အချိန်ယူမှု အားနည်းမှုများ ရှိခဲ့သည့်အတွက် အချိန်ယူကာ အကျေအလည် ညှိနှိုင်းကြမည်ဆိုသည့် တူညီသည့် သဘောထားရှိကြောင်း၊ ဒီဇင်ဘာတွင် ကျင်းပမည် ဆိုပါက ယခုကတည်းက ဆုံးဖြတ်ချက်များချမှတ် လုပ်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဒီဇင်ဘာ၌ လုပ်ဆောင်မည်ဟု သဘောတူ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ ထပ်မံပြုလုပ်မည့် UPDJC နှင့် JICM အစည်းအဝေးများ၌သာ လုပ်နိုင်၊ မလုပ်နိုင် ဆုံးဖြတ်၍ ရက်သတ်မှတ်မည်ဖြစ်ကြောင်း၊ အစိုးရ၏ သဘောထားသာ ရှိသေးကြောင်း NCA ရေးထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။

“ညီလာခံတစ်ခု လုပ်လိုက်တယ်ဆိုတာ အချိန်ရောက်တာနဲ့ လုပ်တာထက်စာရင် ဘာကိုလိုချင်သလဲပေါ့ဗျာ။ အဓိက ဘာရချင်သလဲပေါ့ဗျာ။ အဲဒါကို ကောင်းကောင်းစဉ်းစားသင့်တယ်လို့ မြင်တယ်” ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က ပြောကြားသည်။

ထို့အတူ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး အပြီးတွင် တရားဝင်ဆွေးနွေးပွဲအဖြစ် ယခုမှသာ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းလမ်းညွှန်များ ပြန်လည်ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ရန်လည်း ရှိသောကြောင့် ဒီဇင်ဘာတွင် ကျင်းပပါက ကတိုက်ကရိုက်နိုင်မည့်သဘောရှိကြောင်း ၎င်းက ဆိုသည်။

“မထိုးရသေးတဲ့အဖွဲ့တွေ ရှိတယ်။ NCA ပြင်ပက အဖွဲ့တွေ ရှိတယ်။ ဒါကြီးတွေကို ကျွန်တော်တို့ အရမ်းကြီး မောင်းနှင်တာမျိုး လုပ်လို့မရဘူး ထင်တယ်။ အရမ်းမောင်းနှင်တာမျိုး လုပ်ရင်တော့ ကောင်းတဲ့ရလဒ်တွေရမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ဗဟိုဦးဆောင် ကော်မတီဝင် ဆလိုင်းယောအောင်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအား ၂၀၁၇ ခုနှစ် မေက ပြုလုပ်ခဲ့ပြီး အဆိုပါ ညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းအဖြစ် သဘောတူညီချက် ၃၇ ချက် ရရှိခဲ့သော်လည်း NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲ၌ပင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပသေးခြင်း၊ ညီလာခံ ဆုံးဖြတ်ချက်အား သဘောတူညီမှု ရယူရာတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ရယူခဲ့ခြင်း မဟုတ်ဘဲ UPDJC ဆုံးဖြတ်ချက်ဖြင့် ရယူခဲ့သဖြင့် မကျေလည်မှုနှင့် ဝေဖန်မှုများ ရှိခဲ့သည်။