အနာဂတ်တွင် ရိုက်နှိပ်ထုတ်ဝေရန်ရှိသည့် ငွေစက္ကူများပေါ်၌ ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ထုတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း

အနာဂတ်တွင် ရိုက်နှိပ်ထုတ်ဝေရန်ရှိသည့် ငွေစက္ကူများပေါ်၌ ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ထုတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း
Published 28 October 2017

နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ရှေ့လာမည့်အနာဂတ်တွင် ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများပေါ်၌ ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ထုတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ အောက်တိုဘာ ၂၇ ရက်က တင်သွင်းခဲ့သည်။

ယင်းအဆိုကို မြိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်က ငွေစက္ကူများနှင့် ဒင်္ဂါးများ၏ တန်ဖိုးအဆင်အပြင် ဖွဲ့စည်းပါဝင်သည့် ဝတ္ထုပစ္စည်း အခြားခွဲခြားနိုင်သော လက္ခဏာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်ဟု လည်းကောင်း၊ ဗဟိုဘဏ်သည် မည်သည့် ငွေစက္ကူအမျိုးအစားကိုမဆို ပြောင်းလဲသုံးစွဲရန် လိုအပ်ပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်ဟု လည်းကောင်း၊ ယင်းဆောင်ရွက်ချက် အခြေအနေများကို အနီးစပ်ဆုံး ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြ အတည်ပြုချက် ရယူရမည်ဟု လည်းကောင်း ပြဋ္ဌာန်းထားသည့်အတွက် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်ကသာ အဓိက ကျနေသောကြောင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ဦးအောင်ခင်ဝင်းက အဆိုတင်သွင်းစဉ် ပြောကြားသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်က ငွေစက္ကူ အားလုံးအတွက် အသစ်ရိုက်နှိပ် ထုတ်ဝေပြီး ပြောင်းလဲသုံးစွဲသွားရန် အစီအစဉ် ရှိ မရှိ မေးခွန်း မေးမြန်းခဲ့ရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမည် ဆိုပါက လှည့်လည်သုံးစွဲလျက်ရှိသော ငွေပမာဏကိုလည်း လဲလှယ်ပေးနိုင်ရန်အတွက် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေပမာဏ နီးပါးကို မှာကြားရိုက်နှိပ် သိုလှောင်ထားရမည်ဖြစ်ကြောင်း၊ လက်ရှိ လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများကိုလည်း ဖျက်ဆီးပစ်ရမည် ဖြစ်ကြောင်းနှင့် ကုန်ကျငွေမှာ ကျပ် ၁၀၀ ဘီလျံမှ ကျပ် ၃၀၀ ဘီလျံအထိ ရှိနိုင်ကြောင်း ဖြေကြားခဲ့ရာ ယခုအဆိုမှာ ယင်း အနေအထားနှင့် လုံးဝမတူကြောင်း ဦးအောင်ခင်ဝင်းက ဆိုသည်။

ငွေစက္ကူဆိုသည်မှာ လူတိုင်း၏ လက်ထဲတွင် ကိုင်တွယ်သုံးစွဲနေသည်ဖြစ်၍ နှစ်ကြာရှည် သုံးစွဲလာသည့်အခါ ဟောင်းနွမ်းခြင်း၊ စုတ်ပြဲခြင်း၊ ရေနစ်၍ ပျက်စီးခြင်း၊ မီးလောင်၍ ပြာဖြစ်ခြင်း စသည့် ပျက်စီးခြင်း အမျိုးမျိုးကြောင့် လျော့နည်းသွားမှု ရှိလာမည်ဖြစ်ကာ လျော့နည်းသွားမှုများကို အစားထိုးသည့်အခါ ဖြစ်စေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖြေကြားချက်အရ လုံခြုံရေးအဆင့်အတန်း တိုးမြှင့်ထုတ်ဝေသည့်အခါ ဖြစ်စေ၊ အရွယ်အစားအသစ်ဖြင့် ထုတ်ဝေသောအခါ ဖြစ်စေ၊ ရှေ့အနာဂတ်တွင် ထုတ်ဝေမည့်အခါတိုင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများဖြင့် ထုတ်ဝေသွားရန်ဖြစ်ကြောင်း မြိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖြေကြားချက်အရ ၂၀၀၉ ခုနှစ်တွင် ၅၀၀၀ ကျပ်တန် ငွေစက္ကူများ၊ ၂၀၁၂ ခုနှစ်တွင် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူများ၊ ၂၀၁၄ ခုနှစ်တွင် အရွယ်အစားသစ်ဖြင့် ၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန် ငွေစက္ကူများ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လုံခြုံရေး အဆင့်အတန်း တိုးမြှင့်သည့် ၅၀၀၀ ကျပ်တန် ငွေစက္ကူနှင့် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေခဲ့ကြောင်း သိရှိရပြီး ထိုသို့ ရှစ်နှစ်ကျော် အတွင်း၌ ငါးကြိမ်ရိုက်နှိပ်ထုတ်ဝေခဲ့ရာ နှစ်နှစ် သုံးနှစ် တစ်ကြိမ်ခန့် ထုတ်ဝေပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ်မှစ၍ နောက်ပိုင်း ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများထဲမှ သင့်လျော်သည့်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေသွားရန် ဦးအောင်ခင်ဝင်းက ပြောကြားသည်။

ငွေစက္ကူပုံစံ အမျိုးမျိုး ရှိနေပါက ပြည်သူများ ငွေစက္ကူအပေါ်တွင် ယုံကြည်အားနည်းလာနိုင်ကြောင်းနှင့် ငွေစက္ကူ အပေါ်တွင် မရေမရာ ဇဝေဇဝါ ဖြစ်ပေါ်လာနိုင်ကြောင်း ဗဟိုဘဏ်၏ ဖြေကြားခဲ့မှုအပေါ် ဦးအောင်ခင်ဝင်းက “ဒီအတွက် စိုးရိမ်စရာ၊ ပူပန်စရာ မလိုပါ။ ရှေ့အနာဂတ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများ ထွက်လာပါက ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများကို လက်ဝယ်ထားပြီး ယခင် ငွေစက္ကူများကိုသာ အရင်သုံးဖြစ်ကြမှာ သေချာပါတယ်။ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများကို မကိုင်ရသည်မှာ ဖျောက်ဖျက်ခံရသည်မှာ ဆယ်စုနှစ်သုံးပြန်လောက် ရှိခဲ့ပါပြီ။ ဒါကြောင့် ဗိုလ်ချုပ်ရုပ်ပုံနဲ့ ထုတ်ဝေတဲ့ ငွေစက္ကူများကတော့ ယုံကြည်မှု အားကောင်းပြီး မရေမရာ ဇဝေဇဝါ မဖြစ်တာကတော့ သေချာပါတယ်။ ယခင်ထုတ်ဝေထားသော ဆင်နှင့်ခြင်္သေ့ပုံပါ ငွေစက္ကူများကို ကိုင်တွယ်ချင်သူ နည်းပါးပြီး ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများကိုသာ ကိုင်တွယ်ချင်လာကြမှာကတော့ အထူးတလည် ပြောစရာလိုမယ် မထင်ပါဘူး” ဟု ပြောကြားသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ယခင်မေးခွန်း မေးမြန်းခဲ့သူ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်က ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကို လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က သဘောတူခဲ့သည်။

ငွေစက္ကူများနှင့် ပတ်သက်၍ မျက်မှောက်ကာလတွင် ကမ္ဘာ့အလယ်၌ နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားနိုင်မှု မရှိသည့် ဆင်ရုပ်၊ ခြင်္သေ့ရုပ်များဖြင့် သုံးစွဲနေရသည်မှာ တွေးမိတိုင်း ရှက်စရာကောင်းလှသည်ဟု ဦးကံမြင့်က ထောက်ခံဆွေးနွေးစဉ် ထည့်သွင်းပြောကြားသည်။

Most Read

Most Recent