အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးအတည်မပြုသင့်ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်ပေးပို့သင့်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီ အစီရင်ခံစာတင်သွင်း

အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးအတည်မပြုသင့်ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်ပေးပို့သင့်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီ အစီရင်ခံစာတင်သွင်း
Published 1 August 2017

အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးအတည်မပြုသင့်ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်ပေးပို့သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သြဂုတ် ၁ ရက်တွင် အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီက ထီဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရာဇသတ်ကြီးပုဒ်မ ၂၉၄-က တွင် အစိုးရ၏ခွင့်ပြုချက်မရှိဘဲ ထီရုံထောင်ခြင်းကို တားမြစ်ထားပြီး ဖောက်ဖျက်ပါက ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားရာ ယခုဥပဒေကြမ်းကို ပြဋ္ဌာန်းလိုက်ပါက ထီရုံထောင်ခြင်းကို ခွင့်ပြုသည့် သဘောရှိကြောင်း၊ အောင်ဘာလေထီလုပ်ငန်းသည် အစိုးရကသာ ခြွင်းချက်ဖြင့် ဆောင်ရွက်နိုင်သောလုပ်ငန်းဖြစ်ပြီး ဥပဒေကြမ်း၏ အပိုဒ် ၂၀ ပါ အီလက်ထရွန်နစ်ထီလုပ်ငန်းကို ပုဂ္ဂလိကအား အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့်ပေးခြင်းသည် ကံစမ်းကစားခြင်းနှင့် လောင်းကစားရုံ တည်ထောင်ခြင်းကို ခွင့်ပေးခြင်းသာဖြစ်၍ တည်ဆဲရာဇသတ်ကြီးနှင့် လောင်းကစားဥပဒေများနှင့် ဝိရောဓိဖြစ်နေသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အခွင့်အာဏာဖြင့်သာ ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဈေးကွက်စီးပွားရေးစနစ်တွင် ဝယ်လိုအား၊ ရောင်းလိုအားတို့အပေါ်မူတည်၍ ဖြစ်ပေါ်လာသော ဈေးကွက်ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရောင်းလိုအားများလျှင် ဈေးကျပြီး ဝယ်လိုအားများလျှင် ဈေးတက်ကြောင်း၊ ဈေးနှုန်းကန့်သတ်ခြင်းကို စီးပွားရေးစီမံကိန်းစနစ်တွင်သာ ပြုလုပ်လေ့ရှိကြောင်း၊ ထီလက်မှတ်ကို ဝယ်လိုအားပေါ်မူတည်၍ ရောင်းချနိုင်ရန် ဆောင်ရွက်ခြင်းဖြင့် ထီဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းဆောင်ရွက်နိုင်မည့် သဘောရှိကြောင်း ပူးပေါင်းကော်မတီက မှတ်ချက်ပြုထားသည်။

အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းတွင် အီလက်ထရွန်နစ်ထီလုပ်ငန်းကို ပြည်တွင်းပြည်ပကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်း သို့မဟုတ် ပုဂ္ဂလိကများဖြင့် အကျိုးတူပူးပေါင်း၍ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားရာ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေဖြစ်သဖြင့် မည်သည့်အကြောင်းနှင့်မျှ အကျိုးတူပူးပေါင်း ဆောင်ရွက်ခွင့်မပြုသင့်ကြောင်း၊ အီလက်ထရွန်နစ်ထီလုပ်ငန်းကို ယခုမှစတင်ဆောင်ရွက်ရန်ဖြစ်သည့်အတွက် လက်ရှိဆောင်ရွက်နေသော အစိုးရအောင်ဘာလေထီလုပ်ငန်းနှင့် နည်းပညာပိုင်းဆိုင်ရာ ကွာခြားချက်များရှိနေကြောင်း၊ အီလက်ထရွန်နစ်ထီလုပ်ငန်းကို နိုင်ငံတော်ကသာ လုပ်ကိုင်ဆောင်ရွက်ရန်လည်းကောင်း၊ နည်းပညာအကူအညီများကိုလည်း နိုင်ငံတော်၏ အစီအစဉ်ဖြင့်သာ စီစဉ်ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ကံစမ်းသည့်စနစ်၊ ဆုကြေးသတ်မှတ်သည့်စနစ်၊ ဆုကြေးငွေခွဲဝေသည့်စနစ်များကို တိကျစွာလိုက်နာသတ်မှတ်နိုင်ရန် အီလက်ထရွန်နစ် ဥပဒေကြမ်းတစ်ရပ်အဖြစ် သီးခြားရေးဆွဲ ပြဋ္ဌာန်းရန်လိုအပ်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

ထီထိုးကံစမ်းသူအများစုမှာ ဆင်းရဲသားပြည်သူများဖြစ်သဖြင့် ထီလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခွန်ဘဏ္ဍာ တိုးမြှင့်ရရှိရေးအတွက်ကိုသာ ဦးစားပေးစဉ်းစားရန်မသင့်ဘဲ ဆင်းရဲသားပြည်သူများကို ထိခိုက်နစ်နာစေမည့်ကိစ္စ၊ ဤဥပဒေကို ခုတုံးလုပ်၍ ထီထိုးကံစမ်းသူပြည်သူများနှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ ထိခိုက်ဆုံးရှုံးမည့်ကိစ္စကိုလည်း အလေးထားစဉ်းစားရန် လိုအပ်ကြောင်း၊ အီလက်ထရွန်နစ်ထီလုပ်ငန်း ဆောင်ရွက်လိုပါက အစိုးရအီလက်ထရွန်နစ် ဥပဒေကြမ်းအဖြစ် သီးခြားခွဲ၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်ရေးဆွဲတင်ပြသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။