ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC အဖွဲ့တို့ သတ္တမအကြိမ် တရားဝင်တွေ့ဆုံမှု ပထမနေ့တွင် နားလည်မှု မရသေးသည့် အနေအထားများကို အတိုင်းအတာ တစ်ခုအထိ ညှိနိုင်ခဲ့ဟု ဆို

ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC အဖွဲ့တို့ သတ္တမအကြိမ် တရားဝင်တွေ့ဆုံမှု ပထမနေ့တွင် နားလည်မှု မရသေးသည့် အနေအထားများကို အတိုင်းအတာ တစ်ခုအထိ ညှိနိုင်ခဲ့ဟု ဆို
Published 24 October 2017

ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) တို့ သတ္တမအကြိမ် တရားဝင်တွေ့ဆုံမှုတွင် နှစ်ဖက်နားလည်မှု မရသေးသည့် အနေအထားများကို အတိုင်းအတာတစ်ခုအထိ ညှိနှိုင်းနိုင်ခဲ့ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောကြားသည်။

အောက်တိုဘာ ၂၃ ရက်က ရန်ကုန်မြို့ NRPC တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN အဖွဲ့တို့ ပထမနေ့ တွေ့ဆုံမှုအပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အချက်အလက်အားဖြင့်တော့ ဒီနေ့ တစ်နေ့တာ အတွင်းမှာတော့ တော်တော်လေးတော့ ကျေကျေလည်လည်တော့ ကျွန်တော်တို့ ဆွေးနွေးနိုင်တယ်။ နှစ်ဖက်နားလည်မှု မတူညီသေးတဲ့ အနေအထားတွေကို အတိုင်းအတာ တစ်ခုအထိ ညှိနိုင်တယ်လို့ ပြောလို့ရပါတယ်” ဟု ဦးထွန်းဇော်က ပြောကြားသည်။

NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC ၏ DPN အဖွဲ့တို့ သြဂုတ်လက ဆဋ္ဌမအကြိမ် တရားဝင်တွေ့ဆုံမှုတွင် NCA အဆိုပြုချက် ကိုးချက်အပေါ် ဆွေးနွေးရာ၌ အချက်နံပါတ် တစ်မှ လေးအထိ ပြေလည်မှု ရရှိခဲ့ပြီး ကျန်ရှိသည့် အချက်များအား သဘောတူညီမှု ရရှိရန် ဆွေးနွေးနေခြင်းဖြစ်သည်။

“ဘယ်အချက်က အခက်ခဲဆုံးလဲ ဆိုရင်တော့ ကျွန်တော်တို့က အခုသွားနေတာ တစ်စုံလုံးထိုးပြီးတဲ့နောက်ပိုင်း တစ်စုံလုံးကို ဆွေးနွေးတာ ဖြစ်တယ်။ အဲဒီတော့ ဘယ်အချက်က အခက်ခဲဆုံးလဲ ဆိုတာတော့ ပြောဖို့ခက်တယ်။ အကုန်လုံးကို ခြုံငုံသုံးသပ်ပြီးတော့မှ ဆွေးနွေးနေတာပါ” ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

ညှိနှိုင်းရန် ကျန်ရှိသည့် အဆိုပြုချက်များမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင် အပါအဝင် နှစ်ဖက်လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်နှင့် စောင့်ကြည့်ရေး လမ်းညွှန်နှင့် တပ်နေရာပြန်လည်ချထားရေးတို့ကို ကြိုတင်သဘောတူညီမှု ရယူရန်၊ အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အများယုံကြည်လေးစားသော ပုဂ္ဂိုလ်များ ပါဝင်သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတစ်ရပ်ကို နှစ်ဖက်သဘောတူ လက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့နှင့်အတူ ဖွဲ့စည်းသွားရန်ဖြစ်သည်။

ထို့ပြင် NCA နှင့် သဘောတူညီချက်ပါ လိုက်နာရမည့် တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မပြေလည်မှု ပေါ်ပေါက်လျှင် ပြည်တွင်းနှင့် နိုင်ငံတကာမှ နှစ်ဖက်သဘောတူညီသော ဥပဒေပညာရှင်များနှင့် တရားသူကြီးများ ပါဝင်သော လွတ်လပ်သည့် ဖျန်ဖြေရေးကော်မရှင်၏ ဆုံးဖြတ်မှု ခံယူရန်၊ အပစ်ရပ် ဒေသအတွင်း ဒေသခံများအပေါ် အကျိုးသက်ရောက်မှု ကြီးမားသော စီမံကိန်းများကို ဖော်ဆောင်ရန် ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းသဘောတူညီချက် ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်အပြင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများကို ဤသဘောတူညီချက်အရ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်းတို့ဖြစ်သည်။

Most Read

Most Recent