ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆို ပြည်သူ့လွှတ်တော် အတည်ပြု

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆို ပြည်သူ့လွှတ်တော် အတည်ပြု
Published 28 July 2017

၂၀၁၇ ခုနှစ်ဇူလိုင် ၂၁ ရက်တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ဇူလိုင် ၂၅ ရက်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

၎င်းအရေးကြီးအဆိုကို ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက ဇူလိုင် ၂၄ ရက်တွင်တင်သွင်းခဲ့ပြီး အရေးကြီးအဆိုနှင့် ပတ်သက်၍ ဇူလိုင် ၂၅ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးက ထောက်ခံအကြံပြု ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်အတိုင်း ကျောက်ဖြူ၊ ပေါက်တော၊ ရမ်းဗြဲမြို့နယ် အတွင်း၌ရှိသည့် ဒုက္ခသည်စခန်းသုံးခု ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊ အိမ်ထောင်စု  ၅၅ ခုကိုလည်း ဥပဒေနှင့်အညီ ရွေးချယ်ကာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခွင့်ပြုခဲ့ကြောင်း၊ မွေးစာရင်း ၁၀၀၀၀ ကျော်ကိုလည်း ထုတ်ပေးခဲ့ကြောင်း၊ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံက ပြည်သူလူထု အလွန်စိုးရိမ်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုပြဿနာ၏ နောက်ဆက်တွဲဖြစ်သည့် မေယုတောင်တန်းပေါ်တွင် တွေ့ရှိရသည့် လူလုပ်ဥမင်လိုဏ်ခေါင်း၊ လက်နက်များ၊ လေ့ကျင့်ရေးစခန်းများ တွေ့ရှိမှုများကို ထိမ်ချန်ထားခဲ့ခြင်းကို စိတ်မကောင်းဖွယ် ကြားသိရကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့သည့် မတည်ငြိမ်မှုမှတစ်ဆင့် မြန်မာနိုင်ငံသည် အစွန်းရောက်သမားများအတွက် ခြေကုပ်ယူစရာ ဖြစ်သွားမလားဆိုသည်ကို ရခိုင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံး အလွန်စိုးရိမ်နေသည့်အချက်ဖြစ်ကြောင်း၊ အစွန်းရောက်များ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ် ဆုံးရှုံးနေရမှုကိုလည်း မစ္စယန်ဟီးလီအနေဖြင့် ပြောကြားသွားခြင်း လုံးဝမရှိခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရ၏ နှစ်ဖက်လူ့အသိုင်းအဝိုင်းအား လူသားချင်း စာနာထောက်ထားမှုပံ့ပိုးမှုများကို လုံးဝဖော်ပြခဲ့ခြင်းမရှိကြောင်းကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက အဆိုတင်သွင်းစဉ်က ပြောကြားထားသည်။

၂၀၁၇ ခုနှစ်ဇူလိုင် ၂၁ ရက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ အစိုးရကဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးကို မျက်ကွယ်ပြုခြင်း၊ ကုလသမဂ္ဂ၏ ပူးပေါင်းဆောင်ရွက်နေမှုများကို လျစ်လျူရှုထားခြင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပကတိအခြေအနေမှန်များကို ထည့်သွင်းဖော်ပြထားမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးခဲ့ကြသည်။

“၂၀၁၇ ခုနှစ်ဇူလိုင် ၂၁ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရဲ့ ပြောကြားချက်တွေဟာ ကျွန်မတို့အဆိုရှင်ရဲ့ ကျိုးကြောင်းဖော်ပြချက်ထဲမှာ ပါဝင်တဲ့အတိုင်းပါပဲ။ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပကတိအခြေအနေတွေနဲ့ ကင်းကွာပြီးတော့ ပြည့်စုံစွာဖော်ပြခြင်းမရှိတာ။ လက်ရှိမြန်မာနိုင်ငံ အစိုးရအနေနဲ့ အားသွန်ခွန်စိုက်ဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်ချက်တွေကို လျစ်လျူရှုနေတာ။ ကျွန်မတို့ ယခုလက်ရှိမှာ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံတို့ တက်ကြွစွာပူးပေါင်းဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်အလုံးစုံကို မျက်ကွယ်ပြုထားတာတွေအပြင် မစ္စယန်ဟီးလီသည် သူမရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ၊ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်တွေကို လျှောက်လှမ်းနေတဲ့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လမ်းခရီးကိုပင် အဟန့်အတားဖြစ်စေတဲ့ အတားအဆီးဖြစ်စေတဲ့ သတင်းထုတ်ပြန်ချက်မျိုးကို ပြုလုပ်ခဲ့တယ်လို့ ကျွန်မကမြင်ပါတယ်။ ဒါကြောင့် မစ္စယန်ဟီးလီရဲ့ သတင်းထုတ်ပြန်ချက်အပေါ်မှာ ကျွန်မတို့ လာမယ့်အောက်တိုဘာမှာ ကျင်းပမယ့် ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံမှာ ဒီသတင်းထုတ်ပြန်ချက်အပေါ်မူတည်၍ သူမရဲ့အစီရင်ခံစာအပေါ်မှာ မူတည်ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အနှောင့်အယှက်အဟန့်အတားဖြစ်စေမယ့် ဆုံးဖြတ်ချက်တစ်စုံတစ်ရာမျိုး ပေါ်လာမှာကို ကျွန်မတို့အထူးပဲ စိုးရိမ်ကြောင့်ကြလျက်ရှိပါတယ်” ဟု ရွှေဘိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်က ဆွေးနွေးပြောကြားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ခြောက်ကြိမ် လာရောက်ထားသည်။

ထို့နောက် အရေးကြီးအဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က “ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးမှတ်တမ်း လုံးဝဥဿုံ ပြည့်စုံကောင်းမွန်တယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံမှမရှိပါဘူး။ အဲဒီလိုပဲ ဒီမိုကရေစီအသွင် ကူးပြောင်းခါစ မြန်မာနိုင်ငံမှာလည်းပဲ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေအမြောက်အမြား ရင်ဆိုင်နေရသည်ကို သူမအနေဖြင့် ကောင်းစွာနားလည်မှုရှိရန် လိုအပ်ပါတယ်။ လူ့အခွင့်အရေး ကာကွယ်ရေးဆောင်ရွက်ရာမှာ အသိုင်းအဝိုင်း တစ်ခုတည်းကသာမကဘဲ လူမျိုး၊ ဘာသာ၊ ကျား၊ မ မခွဲခြား၊ လူမှုအသိုင်းအဝိုင်းအားလုံးရဲ့ အခွင့်အရေး ကာကွယ်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ အမွေဆက်ခံခဲ့ရတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ နိုင်ငံရေးအယူအဆ ကွဲပြားမှုတွေ၊ ဖွံ့ဖြိုးနောက်ကျမှုနဲ့ ဆင်းရဲမှုအပါအဝင် စိန်ခေါ်မှုအမြောက်အမြားကို ဖြေရှင်းရေးအတွက် လူမှုအဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုတည်ဆောက်ရေးနဲ့ ကွဲပြားခြားနားမှုများကို အင်အားအဖြစ်ပြောင်းလဲရန် အလေးထား ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့အချိန်အခါမျိုးမှာ လူ့အသိုင်းအဝိုင်းတစ်ခုတည်းရဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကိုသာ အာရုံစိုက်ပြီး မမျှမတပြောကြားချက်များဟာ မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်းများ၊ အသိုင်းအဝိုင်းများကြားမှာ စိတ်ဝမ်းကွဲမှုတွေ ပိုမိုဖြစ်ပေါ်လာစေပြီးတော့ ပြဿနာကို ပိုမိုရှုပ်ထွေးပြီးတော့ မတည်ငြိမ်မှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ သုံးသပ်ရပါတယ်” ဟု အဆိုအပေါ် ရှင်းလင်းပြောကြားသည်။

ထို့ကြောင့် ၂၀၁၇ ခုနှစ်ဇူလိုင် ၂၁ ရက်တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ကြိုဆိုထောက်ခံပါကြောင်း နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်က လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့နောက် အရေးကြီးအဆိုကို အဆိုရှင်ဒေါ်သန္တာကလည်း ပြည်သူ့လွှတ်တော်က အတည်ပြုပေးရန်တင်ပြခဲ့ပြီး လွှတ်တော်ကလည်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

Writer:
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်