ကာကွယ်ရေးပစ္စည်းစက်ရုံ နယ်မြေအတွက် သိမ်းဆည်းလယ်ယာမြေများ အပါအဝင် သိမ်းဆည်းခံမြေများ ပြန်ရလိုကြောင်း တပ်ကုန်းမြို့နယ်မှ တောင်သူများ ဆန္ဒထုတ်ဖော်

ကာကွယ်ရေးပစ္စည်းစက်ရုံ နယ်မြေအတွက် သိမ်းဆည်းလယ်ယာမြေများ အပါအဝင် သိမ်းဆည်းခံမြေများ ပြန်ရလိုကြောင်း တပ်ကုန်းမြို့နယ်မှ တောင်သူများ ဆန္ဒထုတ်ဖော်
Published 4 September 2017

သိမ်းဆည်းခံမြေများ ပြန်ရလိုကြောင်း တပ်ကုန်းမြို့နယ်မှ တောင်သူများ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ်

တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံ နယ်မြေအတွက် သိမ်းဆည်းခံထားရသော လယ်ယာမြေများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်ရလိုသည်ဟုဆိုကာ တပ်ကုန်းမြို့နယ်မှ တောင်သူများက စက်တင်ဘာ ၃ ရက်တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ သပြေကုန်း၊ နတ်မာ၊ ကွမ်းတော စသည့် ကျေးရွာများမှ သိမ်းဆည်းခံ တောင်သူများ အပါအဝင် တောင်သူ စုစုပေါင်း ၈၀ ခန့်က ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်သံ ခုနစ်ချက်ဖြင့် တပ်ကုန်းမြို့ စိုက်ပျိုးရေး သုတေသနခြံအနီးမှ မြို့နယ်ဘောလုံးကွင်းသို့ လမ်းလျှောက် ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်သူများက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကျန်းမာပါစေ၊ ချမ်းသာပါစေ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ကပစ ထိန်းသိမ်းခံ လယ်ယာမြေများ လွတ်လပ်စွာ ပြန်လည်ရရှိရေး၊ တပ်ကုန်းမြို့နယ် သိမ်းဆည်းခံ လယ်ယာမြေများ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မေ့မထားပါနဲ့ ကူညီပေးပါ၊ မသက်ဆိုင်သူများကို ထုတ်ပေးထားသော ပုံစံ(၇)များကို စိစစ်ပေးပါ၊ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတမှု ပေါ်ပေါက်ရေး၊ အမှန်တရား ပေါ်ပေါက်ရေး ဒို့အရေး၊ ပြည်သူ့အစိုးရကို အားကိုးပါ၏။ သိမ်းဆည်းခံ လယ်ယာမြေနှင့် ပတ်သက်ပြီး လီဆယ်တရားစွဲဆိုမှုများကို ရပ်ဆိုင်းပေးပါ စသည်ဖြင့် ကြွေးကြော်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးပစ္စည်းစက်ရုံ စီမံကိန်းအတွက် လယ်ယာမြေများ သိမ်းယူခဲ့ရာတွင် အချို့သော တောင်သူများမှာ လျော်ကြေးငွေ လက်ခံရရှိခြင်း မရှိသကဲ့သို့ အချို့မှာ သိမ်းဆည်းခံရသည့် လယ်ယာမြေပမာဏ၏ တစ်ဝက်ခန့်သာ ရရှိကြောင်း၊ ထို့အတွက် တောင်သူအချို့မှာ လျော်ကြေးငွေ မရရှိသေးသည့် လယ်ယာမြေများတွင် စိုက်ပျိုးလုပ်ကိုင်လျက် ရှိကြောင်း၊ တောင်သူအချို့မှာ ယခု သြဂုတ်လမှစတင်ကာ ကျူးကျော်အဖြစ် တရားစွဲဆိုခံရမှုများ ရှိနေကြောင်း ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် လယ်ယာမြေအရေး ကူညီဆောင်ရွက်နေသူ ဦးရန်နိုင်က ပြောကြားသည်။

“တောင်သူတစ်ယောက်က ပုံစံ၊ ပြေစာရော ၁၁ ဒသမ ၉၀ ဧက ရှိတယ်။ ဒါပေမဲ့ လျော်ကြေးပေးတော့ ယာမြေကို နှစ်သိန်းခွဲ၊ လယ်မြေကို သုံးသိန်းခွဲနဲ့ သူ့ကို သုံးဧကဖိုး ခုနစ်သိန်းခွဲပဲပေးတယ်။ အများစုက လုံးဝမရဘူး” ဟု ဦးရန်နိုင်က ပြောကြားသည်။

ကျူးကျော်အဖြစ် တရားစွဲဆိုခံထားရသည့် တောင်သူဦးမောင်ရီက “သိမ်းကတည်းကလည်း မဖယ်ပေးရသေးဘူး။ ဆက်တိုက် လုပ်နေတာပဲ။ စက်ရုံနဲ့ ကျွန်တော်တို့ အကွက်တွေနဲ့က ငါးမိုင်၊ ခြောက်မိုင်လောက် ဝေးတယ်။ စက်ရုံအောက်ပိုင်း တပ်မိသားစုတွေ နေတဲ့နေရာနဲ့ဆို နှစ်မိုင်လောက် ဝေးသေးတယ်။ ပထမက စက်ရုံဆောက်ဖို့ဆိုပြီး တောင်းခံတာ။ အခုကျတော့ တိုးချဲ့မြေဆိုပြီး ထပ်သိမ်းတာ။ ကျွန်တော်တို့ တောင်သူတွေက ပြန်စွန့်လွှတ်ပေးပါ။ လုပ်စားစရာက ဒါလေးပဲရှိတာပါ ဆိုတော့လည်း သူတို့က မဖြစ်နိုင်ဘူး” ဟု ပြောကြားသည်။