ငါးနှစ်အတွင်း 3MDG ရန်ပုံငွေအဖွဲ့က ဒေါ်လာ ၂၈၄ သန်း ထည့်ဝင်ထားပြီး ရန်ပုံငွေများ၏ ရာခိုင်နှုန်း ၄၀ ကျော်ကို မိခင်၊ ကလေး ကျန်းမာရေးအတွက် အများဆုံး အသုံးပြုထား

ငါးနှစ်အတွင်း 3MDG ရန်ပုံငွေအဖွဲ့က ဒေါ်လာ ၂၈၄ သန်း ထည့်ဝင်ထားပြီး ရန်ပုံငွေများ၏ ရာခိုင်နှုန်း ၄၀ ကျော်ကို မိခင်၊ ကလေး ကျန်းမာရေးအတွက် အများဆုံး အသုံးပြုထား
Published 3 September 2017

3MDG ရန်ပုံငွေအဖွဲ့က ဆောက်လုပ်ပေးနေသည့် ကျေးလက်ကျန်းမာရေးဌာနတစ်ခုအား တွေ့ရစဉ်

၂၀၁၂ မှ၂၀၁၇ ခုနှစ်အထိ ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် နိုင်ငံတကာမှ ထောက်ပံ့ပေးသော အကြီးဆုံး ရန်ပုံငွေတစ်ရပ်ဖြစ်သည့် 3MDG က အမေရိကန်ဒေါ်လာ ၂၈၄ သန်းထည့် ဝင်ထားပြီး ရန်ပုံငွေများ၏ ရာခိုင်နှုန်း ၄၀ ကျော်ကို မိခင်၊ ကလေး ကျန်းမာရေး ကဏ္ဍများအတွက် အများဆုံး အသုံးပြုထားကြောင်း 3MDG မှ သိရသည်။

ရန်ပုံငွေများအနက် မိခင်၊ ကလေး၊ မွေးကင်းစ ကလေးကျန်းမာရေး စောင့်ရှောက်မှုများအတွက် ၄၂ ရာခိုင်နှုန်း၊ ကျန်းမာရေးစနစ် ဖွံ့ဖြိုးရေးအတွက် ၁၉ ရာခိုင်နှုန်း၊ တီဘီရောဂါအတွက် ၁၄ ရာခိုင်နှုန်း၊ ငှက်ဖျားရောဂါအတွက် ၁၂ ရာခိုင်နှုန်း၊ အိတ်ချ်အိုင်ဗွီ ရောဂါအတွက် ရှစ်ရာခိုင်နှုန်း၊ တီဘီ၊ အိတ်ချ်အိုင်ဗွီ၊ ငှက်ဖျားရောဂါပေါင်းစပ် လုပ်ငန်းများအတွက် ငါးရာခိုင်နှုန်း အသီးသီး ခွဲဝေအသုံးပြုထားကြောင်း သိရသည်။

3MDG သည် ဝေးလံခေါင်ဖျား ဒေသများနှင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် နေထိုင်သူများ (သို့မဟုတ်) ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို အထူးသဖြင့် ထိခိုက်လွယ်သော သူများအား အဓိက ဦးတည်ထားခြင်းဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီရယူရာ၌ သာတူညီမျှရှိခြင်းကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၈၀၀ ခန့်နှင့် ကလေး ၇၀၀၀၀ ခန့်မှာ အများအားဖြင့် ကာကွယ်၍ရသော အကြောင်းရင်းများကြောင့် အသက်ဆုံးရှုံး နေကြသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက် စစ်တမ်းအရ အမျိုးသမီးများ၏ ရာခိုင်နှုန်း ၆၀ သာကျွမ်းကျင်သူဖြင့် ကလေးမီးဖွားနိုင်ပြီး ကလေးမီးဖွားခြင်း အားလုံး၏ ၃၇ ရာခိုင်နှုန်းသာ ကျန်းမာရေးဌာနများတွင် မွေးဖွားခဲ့ကြောင်းနှင့် ကျေးလက်ဒေသ၊ ဝေးလံခေါင်ဖျားသော (သို့မဟုတ်) ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများရှိ အမျိုးသမီးများမှာ အထူးသဖြင့် ထိခိုက်နစ်နာလျက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုများမှာ လုံလောက်မှုမရှိခြင်း၊ မရရှိနိုင်ခြင်း (သို့မဟုတ်) ငွေကြေးမတတ်နိုင်ခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။

3MDG သည် မိခင်၊ မွေးကင်းစကလေးနှင့် ကလေးကျန်းမာရေး ဝန်ဆောင်မှုများပေးခြင်းကို ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများဖြစ်သည့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များနှင့် အထူးဒေသများဖြစ်သည့် ‘ဝ’ နှင့် အထူးဒေသ (၄) တို့တွင် အဓိကဦးတည် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများနှင့် ဒေသခံ အာဏာပိုင် အဖွဲ့များဖြင့် အတူပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်အထိ နိုင်ငံ တစ်ဝန်းရှိ မိခင်၊ မွေးကင်းစ ကလေးနှင့် ကလေးကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများမှ ရလဒ်ကောင်းများ ရရှိခဲ့ပြီး လူဦရေ ၄ ဒသမ ၅ သန်းသည် အရေးပါသော မိခင်၊ မွေးကင်းစ ကလေးနှင့် ကလေးကျန်းမာရေး ဝန်ဆောင်မှုများအား လက်လှမ်းမီ ရရှိခဲ့ကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် 3MDG ၏ မိတ်ဖက်အဖွဲ့အစည်းများသည် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကျန်းမာရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ 3MDG ကို ၂၀၁၂ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့မှ ရန်ပုံငွေ ကူညီပံ့ပိုးသည့် စီမံကိန်းကြီးတစ်ခု ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွက် 3MDG ရန်ပုံငွေအဖွဲ့က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀ တိုးမြှင့်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent