JICA က အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် ပုဂ္ဂလိကဘဏ်ခုနစ်ခုဖြင့် ချိတ်ဆက်ပြီး ချေးငွေထောက်ပံ့မှုများ ဆောင်ရွက်မည်

JICA က အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် ပုဂ္ဂလိကဘဏ်ခုနစ်ခုဖြင့် ချိတ်ဆက်ပြီး ချေးငွေထောက်ပံ့မှုများ ဆောင်ရွက်မည်
Published 6 October 2018

အသေးစားနှင့် အလတ်စားစက်မှု၊လက်မှုလုပ်ငန်းများအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (JICA) အဖွဲ့မှ ချေးငွေပံ့ပိုးကူညီမှုအဖြစ် ဆောင်ရွက်မည့်  Two Step Loan ချေးငွေစီမံကိန်းအဖြစ်  SME လုပ်ငန်းများအတွက် ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံငွေ နှစ်ရှည်ချေးငွေစနစ်အား ပုဂ္ဂလိကဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်မှာ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်လုပ်ဆောင် ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်များတွင်လည်း တခြားအစီစဉ်များဖြင့် SME လုပ်ငန်းများအတွက် ထုတ်ချေးပေးခြင်းများ ဆောင်ရွက်ခဲ့ကာ ယခုထပ်မံ၍ Two Step Loan အစီအစဉ်ဖြင့် ပုဂ္ဂလိကဘဏ် ခုနစ်ခုဖြင့် ချိတ်ဆက်ကာ လုပ်ငန်းရှင်များအနေဖြင့် စတင် ချေးယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

“အခုကစီမံကိန်း အပိုင်း ၂ အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်တယ်။ ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ SME လုပ်ငန်းတွေရဲ့မတည်ငွေကို လုပ်နိုင်ဖို့ ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှုကိုပိုမြင့်တင်ပို့ ဦးစားပေးတာ ဖြစ်တယ်။ သာမန်အသုံးစရိတ်အတွက် မဟုတ်ပါဘူး။ အားသာချက်အနေနဲ့ အတိုး နှုန်းတစ်နှစ်ကို  ရှစ်ရာခိုင်နှုန်းဖြစ်ပြီးအနည်းဆုံးဖြစ်တယ်။ နှစ်ရှည် အမျိုးအစားချေးငွေပါ။ ငါးနှစ်အထိ ချေးယူနိုင်မှာဖြစ်ပြီး သက်တမ်း တိုးစရာမလိုဘဲ တစ်ဆက်တည်းချေးယူနိုင်မှာဖြစ်တယ်။ JICA အနေနဲ့ ၂၀၁၆ ခုနှစ်က စပြီး ချေးငွေထောက်ပံ့မှုတွေလုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စီမံကိန်းအပိုင်းတစ်မှာ ချေးငွေပေါင်း ဂျပန်ယန်း ငါးဘီလျံကျော်ထုတ်ချေး ပေးခဲ့တယ်။ လက်ရှိမှာအဲဒီပြန်ဆပ်တဲ့ချေးငွေထဲကနေပြန်ပြီးတော့ လုပ်ငန်းရှင် ၇၉ ဦး အထိ ထုတ်ချေးပြီးနေပြီဖြစ်တယ်။ အခုချေးငွေက ငွေလုံးငွေရင်းဖြစ်တာကြောင့် ထုတ်မချေးဖို့ မပါဝင်တဲ့ လုပ်ငန်းတွေရှိတယ်။ ချေး ငွေလျှောက်ထားမှုကတော့ အခုစတင်လက်ခံနေပါပြီ။ ချိတ်ဆက်ထားတဲ့ ပုဂ္ဂလိကဘဏ် ခုနစ်ခုထဲက ရွေးချယ်ချိတ်ဆက်ပြီး ချေးယူနိုင်မှာဖြစ်တယ်” ဟု JICA မှ Program Officer  ဒေါ်သက်လျာဝင်းက ပြောကြားသည်။

ချေးငွေအား ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ United Amara ဘဏ်၊  First Private ဘဏ်၊ Myanmar Citizens ဘဏ်၊  Myanmar Economics ဘဏ်များတွင် ချိတ်ဆက်လျှောက်ထားနိုင်ပြီး အပေါင်ပစ္စည်း မတင်နိုင်သည့် လုပ်ငန်းရှင်များအတွက်လည်း အစီအစဉ်များရှိကြောင်း သိရသည်။

“အခုလို ချေးငွေတွေကို ရသင့်ရထိုက်တဲ့ လုပ်ငန်းရှင်တွေ ရနိုင်ဖို့ ဂျပန်-မြန်မာ စင်တာကနေလည်း လမ်းညွှန်ကူညီမှုတွေပြုလုပ်ပေးနေပါတယ်။ ဘဏ်တွေဘက်က ဘယ်လိုအချက်တွေ ကြည့်တယ်ဆိုတဲ့ ရှင်းလင်းမှုတွေကိုလည်း လုပ်ငန်းရှင်တွေသိဖို့ ကူညီပေးပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံရဲ့စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်ကူပေးနိုင်ဖို့ပါ ” ဟု မြန်မာ-ဂျပန်စင်တာမှ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးမှုဌာန မန်နေဂျာ ဒေါက်တာသန်းသန်းအောင်က ပြောကြားသည်။

ချေးပေးမည့် ချေးငွေအစီစဉ်တွင် မြန် မာနိုင်ငံ၏ SME လုပ်ငန်းအဖြစ် သတ်မှတ်ချက်နှင့် ကိုက်ညီသည့်လုပ်ငန်းများ ချေးယူ နိုင်ပြီး ချေးငွေအစီစဉ်တွင် အိမ်ခြံမြေ၊ ငွေ ကြေးနှင့် အာမခံလုပ်ငန်း၊ တန်ဖိုးကြီးစက် ပစ္စည်းအကောင်းအဝယ်လုပ်ငန်း၊ အရက်နှင့် ယမကာ၊ ဖျော်ဖြေရေး၊ လက်နက်ခဲယမ်း၊ လယ်သမား၊ သဘာ၀၀န်းကျင်ထိခိုက်မှုရှိ သည့်လုပ်ငန်းများအား ချေးငွေချထားပေးမည် မဟုတ်ကြောင်း သိရသည်။