နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများ အတွက် စစ်တွေမြို့တွင် စခန်းဆယ်ခု ဖွင့်လှစ်ထားရှိသွားမည် ဖြစ်ကြောင်း သိရ

နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများ အတွက် စစ်တွေမြို့တွင် စခန်းဆယ်ခု ဖွင့်လှစ်ထားရှိသွားမည် ဖြစ်ကြောင်း သိရ
Published 1 September 2017

စစ်တွေမြို့သို့ အမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်မှ ရောက်ရှိလာပုံအား ရေယာဉ်ဆိပ်တွင် တွေ့ရစဉ်

အစွမ်းရောက် အကြမ်းဖက်သမားများ၏ရန်ကို စိုးရိမ်သဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော ရခိုင်တိုင်ရင်းသား မျိုးနွယ်စုများအတွက် စစ်တွေမြို့တွင် စခန်းဆယ်ခု ဖွင့်လှစ်ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ထားရှိနိုင်ရေးအတွက် ပြန်လည်နေရာချထားပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)တွင် နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့. အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြကာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ (အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန) မှ နေရပ်စွန့်ခွာ တိုင်းရင်းသားပြည်သူများအား ပြန်လည်နေရာချထားပေးနိုင်ရေး လုပ်ငန်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း နေရပ်စွန့်ခွာ ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး၊ နေရရာချထားရေး၊ ရေ၊ မီး ၊ အိမ်သာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှု၊ စသည့် ပံ့ပိုးကူညီပေးရေးတို့အတွက် အကျေအလည် ဆွေးနွေးခဲ့ကြကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ လူမူကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြာခဲ့သည်။

ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအလိုက် လုပ်ငန်းခွဲဝေ သတ်မှတ်ပေးကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြည်နယ် လျှပ်စစ်စက်မှုနှင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံမှ ပြောကြားခဲ့သည်။

"ဒီမနက်က အစည်းအဝေးလုပ်တာမှန်တယ်။ အဲဒီအစည်းအဝေးမှာ လောလောဆယ် မြို့ပေါ်ဘုန်းတော်ကြီးကျောင်း ဆယ်ကျောင်းမှာ ဒုက္ခသည်တွေအတွက် နေရာချထားပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ တကယ်လို့သာ အဲဒီကျောင်းတွေမှာ ပြည့်သွားရင် တခြားကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်မယ်။ မိုးရာသီ ဖြစ်တာကြောင့် ဒုက္ခသည်စခန်း သီးသန့်တည်ဆောက်ဖို့ဆိုတာ ခက်ခဲနေတဲ့တွက် လတ်တလော သတ်မှတ်လိုက်တာ ဖြစ်တယ်။ နောက်တော့ ပြန်လည်သုံးသပ်ပြီး လုပ်ပါလိမ့်မယ်" ဟုလည်း စစ်တွေမြို့မှ မြို့မိမြို့ဖအဖွဲ့ဝင် ဦးစောဝင်းက ပြောကြားခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့က စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ထောင်နှင့်ချီပြီး ရောက်ရှိနေခဲ့ပြီး စက်တင်ဘာလ တစ်ရက်နေ့တွင်လည်း အမြန်ရေယာဉ် ၅ စီးဖြင့် လာရောက်လျက် ရှိကြောင်းလည်း သိရှိရသည်။

စစ်တွေမြို့သို့ ရောက်ရှိလာသူများတွင် ရခိုင်၊ ဒိုင်းနက်၊ သက်၊ မာရမာကြီး အစရှိသော တိုင်းရင်းသားများ ပါဝင်ကြောင်းလည်း သိရသည်။