ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ကြောင်းနှင့် ပါတီအနေဖြင့် ယခုထက်ပိုမိုကောင်းအောင် အားစိုက်သွားမည်ဖြစ်ကြောင်း ANP ပါတီ ပြောကြား

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ကြောင်းနှင့် ပါတီအနေဖြင့် ယခုထက်ပိုမိုကောင်းအောင် အားစိုက်သွားမည်ဖြစ်ကြောင်း ANP ပါတီ ပြောကြား
Published 1 October 2018

ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ စက်တင်ဘာ ၃၀ ရက်က ရသေ့တောင်မြို့နယ် ပါတီရုံး၌ ကြားဖြတ်ရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး အစည်းအဝေးပြုလုပ်နေစဉ် (ဓာတ်ပုံ-ခိုင်မိုးထွန်း)

လာမည့်ကြား ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟုယုံကြည်ကြောင်းနှင့် ပါတီအနေဖြင့် ယခုထက်ပိုမိုကောင်းအောင် အားစိုက်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP )ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော်က ပြောကြားခဲ့သည်။

ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ စက်တင်ဘာ ၃၀ ရက်က ရသေ့ တောင်မြို့နယ် ပါတီရုံး၌ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အစည်းအဝေးတရပ်ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း၊ ယင်းအစည်းအဝေးတွင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့်လွှတ်တော်ကိုယ်စားလှယ် ၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ဒီနေ့ အဓိက ဆွေးနွေးဖြစ်တာကတော့ ပါတီရေးရာကိစ္စရပ် တွေနဲ့ ရသေ့တောင်မြို့နယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်လိုပံ့ပိုးကူညီသွားမလဲဆိုတာကို ဆွေးနွေးကြတာဖြစ်တယ်။ ဗဟိုအောင်နိုင်ရေးကော်မတီ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီတွေရယ်က ရွေးကောက်ပွဲမှာ ဘယ်လိုအားထည့်ပြီး ဆောင်ရွက်ကြမလဲဆိုတဲ့ အချက်ကို အဓိကဆွေးနွေးဖြစ်တယ်။ အဖွဲ့တွေခွဲပြီး ဆောင်ရွက်ဖို့ ဆုံးဖြတ်ကြပါတယ်။ အဲဒီရလဒ်တွေရလာပါတယ်။ ကျွန်တော်တို့ပါတီကတော့ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ပါတီဖြစ်တဲ့အတွက် လက်ရှိအခြေအနေထိ ရလဒ်တွေကို ကျွန်တော်တို့ ကျေနပ်မှုရှိတယ်၊ ပိုပြီးအားစိုက်စရာလည်းမလိုဘူး။ လျော့ဖို့လည်း မလိုဘူးပေါ့။ ဒါပေမဲ့ ပါတီမှာတာဝန်ရှိသူ အသီးသီးက စုပေါင်းလိုက်ရင် ပိုမိုကောင်းမွန်လာမယ်ဆိုပြီး အားထုတ်ကြတာဖြစ်တယ်” ဟုပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိအနေအထားသည် ရခိုင်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်အများဆုံး ပါဝင်နေသော ပါတီမှာ ရခိုင်အမျိုးသားပါတီဖြစ်ကြောင်း၊ ပြည်သူလူထုထောက်ခံမှုရရှိထားသော ပါတီဖြစ်သည့်အတွက် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ကြောင်း၊ ယင်းသို့အနိုင်ရပါက လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ပြည်သူလူထု၏ လိုလားချက်များကို လွှတ်တော်အတွင်းမှ တင်ပြတောင်းဆိုခြင်းများ၊ ပြည်သူအတွက် အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်းလည်း ဦးထွန်းအောင်ကျော်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်းသေဆုံးသွားသည့်အတွက် လွတ်လပ်နေသည့်နေရာအား ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ ယင်းသို့ယှဉ်ပြိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးခင်သန်းမောင်၊ တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်း၊ ရခိုင်အမျိုးသားပါတီ (ANP) မှ ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ဦးသိန်းမောင်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းနှင့် အသီးသီး မဲဆွယ်စည်းရုံးမှုများကိုလည်း လုပ်ဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။