မိတ္ထီလာဖောင်တော်ဦး ဘုရားပွဲတော်တွင် ကျောင်းဆရာ၊ ဆရာမများ လုံခြုံရေးတာဝန် ထမ်းဆောင်နေရ

မိတ္ထီလာဖောင်တော်ဦး ဘုရားပွဲတော်တွင် ကျောင်းဆရာ၊ ဆရာမများ လုံခြုံရေးတာဝန် ထမ်းဆောင်နေရ
Published 25 September 2018

မိတ္ထီလာဖောင်တော်ဦး ဘုရားပွဲတော်တွင် ကျောင်းဆရာ၊ ဆရာမများ လုံခြုံရေးတာဝန် ထမ်းဆောင်နေရကြောင်း ဆရာ၊ ဆရာမများနှင့် မိတ္ထီလာမြို့နယ် ပညာရေးရုံးမှ သိရသည်။

“ကျောင်းသားဘဝကရော၊ ဆရာဘဝကရော ဘုရားပွဲလုံခြုံရေး လာမစောင့်ဖူးပါဘူး။ အခုနှစ်ကျမှ ဆရာ၊ ဆရာမတွေကို အထက (၁) ကျောင်းရှေ့မှာလုံခြုံရေးအတွက်ဆိုပြီး စောင့်ခိုင်းတာ ကြုံဖူးတော့တယ်” ဟု မိတ္ထီလာမြို့နယ် အထကကျောင်းတစ်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာတစ်ဦးက ပြောကြားသည်။

အချို့ကျောင်းဆရာ၊ ဆရာမများမှာ နေရပ်နှင့် ၁၀ မိုင်ခန့် ဝေးကွာသည့်နေရာမှ လာရောက်လုံခြုံရေး တာဝန်ယူရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဆရာ၊ ဆရာမနဲ့ လုံခြုံရေးဘာဆိုင်လို့လဲ။ တကယ်လို့ ကျောင်းသား၊ ကျောင်းသူတွေ ပွဲခင်းထဲမှာတွေ့တယ်။ ရန်ဖြစ်တယ်ဆိုလည်း သူ့သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်နဲ့ အခြားအဖွဲ့တွေရှိတာပဲ။ စစ်ဆေးပြီး ကျောင်းနဲ့ ဆက်သွယ်ပေးလိုက်ရတာပဲ။ အခုနှစ်ကျမှ ဆရာ၊ ဆရာမတွေ လုံခြုံရေးသဘောမျိုးချတော့ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ လမ်းဘေးတဲလေးထဲမှာ ထိုင်စောင့်နေရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မိတ္ထီလာမြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက “အရင်တုန်းက ဘုရားပွဲကာလဆိုရင် ကျောင်းနေ့တစ်ဝက်ပိတ်တယ်။ အဲဒီလို မဖြစ်ချင်လို့ တာဝန်ချထားတာပါ။ ညွှန်ကြားချက်အရ လုပ်တာပါ။ ကျောင်းမပျက်ချင်တာနဲ့ ဆရာ၊ ဆရာမတွေကို စာသင်မပျက်အောင် အထက ကျောင်းတစ်ကျောင်း ၁၀ ယောက်၊ အလယ်တန်းကျောင်း ၁၀ ယောက်၊ မူလတန်းကျောင်း ငါးယောက်တောင်းပြီး တစ်နေ့တစ်ယောက် ချထားတယ်။ ဆရာ၊ ဆရာမတစ်ဦးကို နေ့တစ်ဝက်လောက် စောင့်ပေးရမယ်။ ရည်ရွယ်ချက်က အထက(၁)ပတ်ဝန်းကျင်မှာ ဈေးမရောင်းရအောင်ရယ်၊ ကျောင်းချိန် အဖြူအစိမ်းနဲ့ ဘုရားပွဲဈေးမှာတွေ့ရင် သက်ဆိုင်ရာကျောင်းကို အကြောင်းကြားပြီး ပြန်ပို့မယ်။ အဲဒီရည်ရွယ်ချက်ပါ။ စာသင်လည်း မပျက်အောင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ချတာပါ။ ဆရာ၊ ဆရာမ ၁၄၀ လောက်ကို တစ်ဆိုင်း ၁၀ ယောက်၊ တစ်ရက် နှစ်ဆိုင်းနဲ့ စက်တင်ဘာ ၂၆ ရက်အထိ တာဝန်ချထားပါတယ်။ ဒီနှစ်ကျမှ အဲဒီလို ဂျူတီချတာ စလုပ်တာပါ။ အဓိကက ကျောင်းမပိတ်ချင်လို့ပါ” ဟု ပြောကြားသည်။

“ဘုရားပွဲတော်ကို ဆရာ၊ ဆရာမတွေ လာစောင့်ဖို့ ကျွန်တော်တို့ မစီစဉ်ပါဘူး။ ဆရာ၊ ဆရာမတွေ ဘုရားပွဲလာစောင့်နေတာက သူတို့ ကျောင်းပတ်ဝန်းကျင် ဆိုင်ခန်းမချဖို့ ကန့်ကွက်ထားတာရှိတယ်။ ကျောင်းပတ်ဝန်းကျင် ဆိုင်ခန်းပျံကျတွေ နေရာမချအောင် သူတို့ တာဝန်ယူရမှာပေါ့။ ပွဲတော်လုံခြုံရေး စာရင်းထဲမှာ ဆရာ၊ ဆရာမတွေ မပါပါဘူး။ သူတို့က သီးသန့်ပါ။ ကျောင်းသူကျောင်းသားတွေ လုံခြုံရေးနဲ့ ကျောင်းဝင်တဲ့လမ်း ကျောင်းမြောက်ဘက်ကို ဈေးသည် ဒီနှစ်မချထားဘူးလေ။ အဲဒီအတွက် သူတို့ လာစောင့်ရှောက်ရတာပါ” ဟု မိတ္ထီလာမြို့ဖောင်တော်ဦးစေတီတော် ဘုရားဂေါပကဥက္ကဋ္ဌ ဦးခင်ညိုက ပြောကြားသည်။

မိတ္ထီလာမြို့ရှိ ကရဝိတ်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား ၁၃၈၀ ပြည့်နှစ် တော်သလင်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၂ ရက်အထိ (စက်တင်ဘာ ၁၇ ရက်မှ စက်တင်ဘာ ၂၆ ရက်) အထိ ၁၀ ရက်တိုင် ကျင်းပလျက်ရှိသည်။