မန်စီးတီး-ချယ်လ်ဆီး-လီဗာပူးလ်တို့၏ ပတ်လည်ရလဒ်များက ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်နိုင်ဟု ဂွန်ဒိုဂန် သုံးသပ်

မန်စီးတီး-ချယ်လ်ဆီး-လီဗာပူးလ်တို့၏ ပတ်လည်ရလဒ်များက ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်နိုင်ဟု ဂွန်ဒိုဂန် သုံးသပ်
Published 25 September 2018

မန်စီးတီးအသင်း၏ ကွင်းလယ်လူ ဂွန်ဒိုဂန်က ယခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်လုရနိုင်သည့် အသင်း (၃)သင်းကို ပြောကြားခဲ့ရာ မန်ယူ၊ စပါး၊ အာဆင်နယ်တို့ မပါဝင်ခဲ့ဘဲ မန်စီးတီး-ချယ်လ်ဆီး-လီဗာပူးလ်တို့၏ ထိပ်တိုက်တွေ့ဆုံမှုရလဒ်များက အဆုံးအဖြတ်ဖြစ်လာနိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံး၌ လီဗာပူးလ်၊ မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့က အစဉ်လိုက်ရပ်တည်လျက်ရှိနေပြီး လာမည့်ပွဲစဉ်များတွင် ယင်း(၃)သင်းအကြား ထိပ်တိုက်တွေ့ဆုံမှုများကိုတွေ့မြင်ရတော့မည်ဖြစ်သည်။

ဂွန်ဒိုဂန်က " ကျွန်တော့်အမြင်မှာတော့ မကြာမီရင်ဆိုင်ရတော့မယ့် ကျွန်တော်တို့အသင်း (၃)သင်းအကြား ထိပ်တိုက်တွေ့ဆုံမှုရလဒ်တွေက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့အသင်းဟာ  မကြာခင်မှာ လီဗာပူးလ်အသင်းနဲ့ ကစားရတော့မှာဖြစ်ပြီး အန်ဖီးလ်ကွင်းမှာ ကစားရမယ့်ပွဲဟာ ကျွန်တော်တို့အတွက် တကယ့်စမ်းသပ်မှုအစစ်အမှန်လည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းဟာ အလွန်တောင့်တင်းတဲ့အသင်းဖြစ်သလို၊ ချယ်လ်ဆီးအသင်းကလည်း အလွန်တောင့်တင်းတဲ့အသင်းတစ်သင်းပါ။ ကျွန်တော်တို့နဲ့ လီဗာပူးလ်ကစားမယ့်ပွဲလိုပဲ ချယ်လ်ဆီး-လီဗာပူးလ်ပွဲကလည်း ချန်ပီယံဆုအတွက် အရေးကြီးပါတယ်။ ရာသီကုန်ချိန်မှာ ကျွန်တော်တို့ (၃)သင်း ရဲ့ ပတ်လည်တွေ့ဆုံမှုတွေက ချန်ပီယံဆုကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ် " ဟု ပြောကြားခဲ့သည်။

ဂွန်ဒိုဂန်သည် ကာဒစ်ဖ်အသင်းနှင့်ပွဲတွင် အသင်းအတွက်ပွဲ (၃၀၀)ပြည့်ပွဲစဉ်ကို ဝင်ရောက်ကစားသွားခဲ့သည့် အဂွဲရိုးကိုလည်း ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။