နှစ်၂၀ ကျော် လုပ်ကိုင်လာခဲ့သော စိုက်ပျိုးမြေကို ဆက်လက် လုပ်ကိုင်ခြင်း မပြုရန် ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်သောကြောင့် ဒေသခံများ ရွှေကျင်မြို့တွင် ဆန္ဒထုတ်ဖော်

နှစ်၂၀ ကျော် လုပ်ကိုင်လာခဲ့သော စိုက်ပျိုးမြေကို ဆက်လက် လုပ်ကိုင်ခြင်း မပြုရန် ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်သောကြောင့် ဒေသခံများ ရွှေကျင်မြို့တွင် ဆန္ဒထုတ်ဖော်
Published 25 September 2018

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စု မဒေါက်ကလေးမြောက်အရပ်တွင် ဒေသခံများက နှစ်ပေါင်း ၂၀ ကျော်ခန့် လုပ်ကိုင် စိုက်ပျိုးလာခဲ့သော ကရင်မသချုႋင်း စားကျက်ကွင်းအမှတ် ( ၁၂- ခ )မှ စားကျက်မြေဧက ၁၀၀ ကျော်ကို ဆက်လက် စိုက်ပျိုးလုပ်ကိုင်ခြင်း မပြုရန် ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်သောကြောင့် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဒေသခံများ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်သူ ကိုစိုးအောင်က “ ၂၀၀၀ ပြည့်နှစ်မှာ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဦးဌေးလွင်ပေါ့နော်။ မြို့နယ် မြေယာကော်မတီအဖွဲ့က စီမံခန့်ခွဲထားတဲ့ မြေပေါ့။ လယ်ယာမြေဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ တန်းစီဇယားနဲ့ ဝေပေးခဲ့တဲ့ဟာကို ကျွန်တော်တို့ကတစ်ဆင့် လွှဲပြောင်းပြီးတော့ လုပ်ကိုင် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်လာတာဆိုရင် အနှစ် ၂၀ ကျော်ရှိပြီဗျ။ အနှစ် ၂၀ ကျော် ရှိတာကို ၂၀၁၆ ခုနှစ်ကလည်း ကျွန်တော်တို့ကို မစိုက်ပျိုးဖို့ လာပြီးတော့ တားမြစ်တယ်ခင်ဗျ။ အခုတစ်ခါ ၂၀၁၈ ခုနှစ် စိုက်ပျိုးချိန် ရာသီရောက်ခါနီးမှာ တစ်ခါ မစိုက်ပျိုးရပါဘူး ဆိုပြီးတော့ လာတားမြစ်တယ်ခင်ဗျ။ အဲဒီမှာ ကျွန်တော်တို့က ကိုယ့်ဆီမှာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ မြို့နယ်တာဝန်ရှိ အဖွဲ့အစည်းတွေ စီမံခန့်ခွဲပေးတဲ့ လယ်ယာမြေမှာ ဝင်ရောက် စိုက်ပျိုးတယ်။ သူတို့က ဒါဟာ စားကျက်မြေ၊ ကျူးကျော်မြေပါဆိုပြီး ကျွန်တော်တို့ကို တားမြစ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်မှာ လက်ရှိ စိုက်ပျိုးရမယ့် အခြေအနေမှာ အခက်အခဲတွေ အများကြီး ဖြစ်တဲ့အခါကျတော့ ကျေနပ်မှု မရှိသောကြောင့် ဒီမှာ ဆန္ဒတက်ပြရခြင်း ဖြစ်ပါတယ်ခင်ဗျ”ဟု ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲအား သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တရားဝင် အသိပေးအကြောင်းကြား၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ တောင်သူ ၃၀ ကျော်ခန့်က “မဒေါက် ကလေးမြောက်အရပ် ကွင်းအမှတ် ၁၂ (ခ) စားကျက်မြေ ပယ်ဖျက်ခွင့် ရရှိရေး၊ စားကျက်မြေပေါ်တွင် နှစ်ပေါင်း၂၀ ကျော် လုပ်ကိုင်လာသော တောင်သူတွေ မူလအတိုင်း လယ်ယာမြေ စိုက်ပျိုးခွင့်ရရှိရေး၊ တောင်သူလယ်သမား အခွင့်အရေး အပြည့်အဝရရှိရေးနှင့် တောင်သူတွေကို တားဆီး ပိတ်ပင်တာတွေ ချက်ချင်းရပ်” ဟူသော စာတန်းများပါသည့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ စားကျက်မြေများတွင် စိုက်ပျိုးလုပ်ကိုင်ကြသူများမှာ ပြီးခဲ့သေ ာ ၁၉၉၈-၉၉ ခုနှစ်ခန့် ကတည်းက မြို့နယ်မြေယာစီမံခန့်ခွဲရေးကော်မတီထံမှ ဝယ်ယူပြီး လုပ်ကိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ အဆိုပါ မြေပေါ်တွင် လုပ်ကိုင်နေမှုများအား ၂၀၁၆ ခုနှစ်က တစ်ကြိမ် စိုက်ပျိုးလုပ်ကိုင်ခြင်း မပြုရန် မြို့နယ် တာဝန်ရှိသူများက တားမြစ်ခဲ့သော်လည်း ဆက်လက် လုပ်ကိုင်၍ ရခဲ့ကြောင်း၊ ယခု ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် လက်ရှိ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဒေသခံများအား စိုက်ပျိုးလုပ်ကိုင်ခြင်း မပြုရန် ခေါ်ယူ တားမြစ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက “အုပ်ချုပ်ရေးပိုင်းအနေနဲ့ တားဆီးတယ်လို့ ဆိုလို့လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အနောက်ဘက်စားကျက် တစ်နေရာတည်းအတွက် တားဆီးခြင်း မဟုတ်ပါဘူး။ ဒီစားကျက်နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ မြို့နယ်အတွင်းမှာရှိတဲ့ စားကျက်မြေအဖြစ် သတ်မှတ်ထားတဲ့ နေရာအားလုံးမှာ သတ်မှတ်ထားတဲ့ ညွှန်ကြားချက်နဲ့အညီပဲ ချပြတယ်။ ပြောရမယ် ဆိုရင်တော့ တားဆီးတယ်ပေါ့။ တားဆီးတယ် ဆိုတာကတော့ ဒီဟာတွေက စားကျက်မြေ ဖြစ်တယ်၊ စားကျက်မြေ မကျူးကျော်ရ၊ စားကျက်မြေအတွင်းမှာ ကျူးကျော် စိုက်ပျိုးထားတယ်ဆိုရင် စိုက်ပျိုးထားတဲ့ တောင်သူတွေအနေနဲ့ စားကျက်မြေ ဥပဒေနဲ့ အရေးယူလို့ရတယ် ဆိုတာကို သိအောင် မက်ဆေ့ ပေးလိုက်တာပေါ့။ ဒါက ဒီနှစ်မှလုပ်တာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း စားကျက်မြေတွေ မကျူးကျော်ရ ဆိုပြီးတော့ ဆိုင်းဘုတ်တွေ စိုက်ထူတယ်။ စိုက်ထူပြီးတဲ့ နောက်မှာပဲ စိုက်တဲ့ပျိုးတဲ့သူက စိုက်ပျိုးတယ်လို့ ဒီဒေသ အခြေအနေနဲ့ ကျွန်တော်တို့ သိရတာပေါ့။ ဆိုလိုတာကတော့ ဒီအနောက်ဘက် ကျေးရွာအုပ်စုမှာရှိတဲ့ စားကျက်မြေအတွင်းမှာ လုပ်နေတဲ့ တောင်သူတွေ တစ်ဖွဲ့တည်းကို ကန့်ကွက်တာ မဟုတ်ပါဘူး။ ခုနက ချပေးလိုက်တဲ့မူအရ စားကျက်မြေအဖြစ်ကနေ ပယ်ဖျက်ခြင်း မပြုရသေးတဲ့ မြေမှန်သမျှတော့ စားကျက်မြေအဖြစ် ဆက်လက် တည်ရှိနေရမယ်။ ဒါကြောင့် ဆက်လက် တည်ရှိနေတဲ့မြေပေါ်မှာ ကျူးကျော်စိုက်ပျိုးမှုတွေ ထပ်မဖြစ်အောင်လို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆိုင်းဘုတ်တွေ ထောင်တယ်။ တာဝန်နဲ့အညီ တားဆီးတဲ့ အမိန့်တွေ ထုတ်တယ်။ အကြောင်းကြားစာ ထုတ်တယ်။ ဒီလိုပဲ ကျွန်တော်တို့ ဆောင်ရွက်တာပါ”ဟု ပြောကြားသည်။

Most Read

Most Recent