ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ထားသည့် အချက်အလက် ရှာဖွေရေးကော်မရှင်၏ တွေ့ရှိချက်၊ ရလဒ်များကို လက်ခံမည်မဟုတ်ဟု ပြောကြားထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ထားသည့် အချက်အလက် ရှာဖွေရေးကော်မရှင်၏ တွေ့ရှိချက်၊ ရလဒ်များကို လက်ခံမည်မဟုတ်ဟု ပြောကြားထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 22 September 2018

ကုလသမဂ ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့ထားသည့် အချက်အလက်ရှာဖွေရေးကော်မရှင် (Fact Finding Mission) ၏ တွေ့ရှိချက်၊ ရလဒ်များကို လက်ခံမည်မဟုတ်ဟု ပြောကြားထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားသည်။

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအ ခြေခံအုတ်မြစ်ဖြစ်ပြီး ယင်းသို့ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း အလေးထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

“ဒါပေမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေပြီးတော့ ဒီအချက်အလက်ရှာဖွေရေး မစ်ရှင်ပေါ့။ Fact Finding Mission ၂၀၁၇ ခုနှစ် မတ်လတွင် ဖွဲ့ခဲ့တယ်။ ဖွဲ့က တည်းကတိုင် ကျွန်တော်တို့ နိုင်ငံက အဲဒါကို လက်မခံခဲ့ဘူး။ ဘာကြောင့် လက်မခံလဲဆိုတော့ ဒါက ဒီလိုဖွဲ့စည်းဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ပြီးရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရခိုင်ပြည်နယ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အထောက်အကူပြုမှာ မဟုတ်လို့ ဆိုပြီးတော့ လက်မခံခဲ့ဘူး။ နောက် တစ်ခါ အဲဒီလို လက်မခံတဲ့အတွက် Fact Finding Mission ကို ပေးထားတဲ့ Mandate ရယ်၊ နောက်တစ်ချက်က Fact Finding Mission က ဒီလိုအချက်အလက်ရှာဖွေရေးတွေ ဆောင်ရွက်တဲ့အခါမှာ ရရှိလာတဲ့တွေ့ ရှိချက်တွေ၊ ရလဒ်တွေပေါ့။ ဒါတွေကိုလည်း ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူးဆိုပြီးတော့ ကျွန်တော်တို့ ပြောထားပြီးသား ဖြစ်တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက  ဖွဲ့ထားသည့် အချက်အလက်ရှာဖွေရေးကော်မရှင်(Fact Finding Mission) နှင့်ပတ်သက် ၍ ဂျီနီဗာမြို့ရှိ မြန်မာသံအမတ်ကြီးနှင့် စက်တင်ဘာ ၁၈ ရက်တွင် ကုလသမဂ္ဂ UN Office ၌ တွေ့ဆုံပြီး မြန်မာအစိုးရ၏ ရပ်တည်ချက် အပြည့်အစုံကိုလည်း ရှင်းလင်းခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ဦးဇော်ဌေးက “ဒီအစီရင်ခံစာကို ကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာ တစ်ဖက်သတ်ရေးထားတဲ့ အစီရင်ခံစာ ဖြစ်တယ်။ နောက်တစ်ခုက ဒီလိုမျိုး အစီရင်ခံစာ။ သူ့အ စီရင်ခံစာကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတဲ့ လူမှုသဟဇာတဖြစ်မှုပေါ့။ အသိုင်းအဝိုင်းတွေ အားလုံးကို ပေါင်းစည်းနေထိုင်မှုကို ပျက်ပြားစေရုံသာမကဘူး။ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး၊ နောက် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဟာတွေကို အထိအခိုက် ဖြစ်စေနိုင်တယ်။ အဟန့်အတား ဖြစ်စေနိုင်တယ်ဆိုပြီးတော့ ကျွန်တော်တို့က တွေ့ပါတယ်။ နောက် ဒီ Fact Finding Mission ရဲ့ Report က သမာသမတ်ကျမှုနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေတဲ့အကြောင်းအချက်တွေ အများကြီး ဖြစ်နေတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “အဲဒီထဲကမှ ဘာတွေရှိလဲဆိုတော့ နံပါတ် (၁) တိုင်းရင်းသားလူမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ဖော်ညွှန်းတဲ့အခါမှာ အထင်အမြင်လွဲမှားမှုတွေကို ဖြစ်ပေါ်စေတယ်။ အဲဒီတော့ ကျွန်တော်တို့က အခုသွားနေတဲ့ ပြန်လည်ညီညွတ်ရေးပေါ့။ ပေါင်းစည်းရေး သဟဇာတဖြစ်ရေးကို အားမပေးဘဲနဲ့ ဒီတိုင်းရင်းသားတွေကြားမှာ ပိုပြီးတော့ကွဲပြားစေပြီးတော့ ကျွန်တော်တို့နိုင်ငံပြိုကွဲရေးအထိ အားပေးတဲ့သဘောဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ တွေ့တယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းအစီရင်ခံစာတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရခြင်းကြောင့် ကော့ဘဇားတွင် ရောက်ရှိနေသည့် လူတစ်စု၊ တစ်ဖွဲ့အား မေးမြန်းမှုများကိုသာ ဖော်ပြထားကြောင်း၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများမှရရှိသည့် သတင်းအ ချက်အလက်များကိုသာ အခြေခံထားကြောင်း၊ နေရပ်စွန့်ခွာသူများအား မေးမြန်းရာတွင် မူဆလင်မဟုတ်သည့် လူ့အဖွဲ့အစည်းများ၏ ပြောဆိုမှုများကို အလေးထားဖော်ပြခြင်းမရှိကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့အစည်း၏ ခြိမ်းခြောက်မှု၊ လွှမ်းမိုးမှုများခံနေရသည့် လူ့အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များ၏ ပြောဆိုမှုများကို အခြေခံထားသည်များကို တွေ့ရှိရကြောင်း ဦးဇော်ဌေးက ဆိုသည်။

“တွေ့တော့ ဒီဟာနဲ့ပတ်သက်လို့ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကတော့ ဒီလိုမျိုး၊ ဒီ Report က ဟန်ချက်မညီဘူး။ သမာသမတ်မကျဘူး။ တရားမျှတမှု မရှိဘူးဆိုပေမယ်လို့ မြန်မာအစိုးရအနေနဲ့ကတော့ ဒီလူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ပတ်သက်လို့ အလေးအနက်ထားတယ်။ အဲဒီ အလေးအနက်ထားတဲ့ အတိုင်းပဲ။ ကျွန်တော်တို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းထားပြီဖြစ်တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရအနေဖြင့် နိုင်ငံတကာက စွပ်စွဲနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည် ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ရန်အတွက် လွတ်လပ်သည့်စုံစမ်းစစ် ဆေးရေးကော်မရှင်အား ဖွဲ့စည်းပြီး စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဦးဇော်ဌေးက “မြန်မာနိုင်ငံအနေနဲ့ကတော့ ဒီလိုမျိုး အပြုသဘောမဆောင်တဲ့ ဆောင်ရွက်ချက်တွေ ပြစ်ဒဏ်ပေးရေးကို ဦးတည်တဲ့ လုပ်ရပ်တွေက ကျွန်တော်တို့ ဒီမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ကွဲပြားမှုတွေ ပိုပြီးတော့ ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်။ နောက်တစ်ချက်က ကျွန်တော်တို့ လက်ရှိအစိုးရ ကြိုးပမ်းနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလမ်း ကြောင်းကို သွားနေတဲ့အခါမှာ နိုင်ငံပျက်စီးဖို့ ကြိုးပမ်းလာတဲ့လုပ်ဆောင်မှုဟူသမျှကို ကျွန်တော်တို့က အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု ပြောကြားသည်။