မောင်တောမြောက်ပိုင်းလမ်းဖြစ်သည့် ကြိမ်ချောင်း-ဗန္ဓုလလမ်း ဆိုးရွားစွာပျက်စီးနေသဖြင့် ခမောင်းဆိပ်အထက်ပိုင်းသို့ ကုန်စည်ပို့ဆောင်ရန် အခက်အခဲဖြစ်နေကြောင်းသိရ

မောင်တောမြောက်ပိုင်းလမ်းဖြစ်သည့် ကြိမ်ချောင်း-ဗန္ဓုလလမ်း ဆိုးရွားစွာပျက်စီးနေသဖြင့် ခမောင်းဆိပ်အထက်ပိုင်းသို့ ကုန်စည်ပို့ဆောင်ရန် အခက်အခဲဖြစ်နေကြောင်းသိရ
Published 22 September 2018

မောင်တော - ကြိမ်ချောင်း -ခမောင်းဆိပ် လမ်းပိုင်းတစ်နေရာအားတွေ့ရစဉ်

မောင်တော မြောက်ပိုင်းလမ်းဖြစ်သည့် ကြိမ်ချောင်း - ဗန္ဓုလလမ်း ဆိုးရွာစွာပျက်စီးနေသဖြင့် ခမောင်းဆိပ်အထက်ပိုင်းသို့ ကုန်စည်ပို့ဆောင်ရန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

မောင်တော-ကြိမ်ချောင်း လမ်းပိုင်းတွင် ကားများသွားလာလို့ရသော်လည်း ကြိမ်ချောင်း -ခမောင်းဆိပ်လမ်းပိုင်းတွင် သုံးနေရာထိ ဆိုးရွာစွာပျက်စီးနေကြောင်း၊ ခမောင်းဆိပ် အထက်ပိုင်းတွင် ကားသွားလာလို့မရသည်အထိ ပျက်စီးနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ စက်တင်ဘာ ၂၀ ရက်က အောင်သပြေကို ရိက္ခာထောက်ပံ့ဖို့ သွားတာမှာ လမ်းမကောင်းလို့ အောင်သပြေအထိ မရောက်ခဲ့ဘူး။ လမ်းက တော်တော်ကိုဆိုးတယ်။ ရန်အောင်ပြင်ရွာအလွန်မှာ တစ်နေရာ၊ သစ်တုံးနားခွဆုံရွာနားမှာ တစ်နေရာနဲ့ မင်းခမောင်းရွာ မရောက်ခင် တစ်နေရာ တော်တော်ကို ဆိုးတယ်။ သစ်တုံးနားခွဆုံ ရွာနားမှာဆိုရင် ကားနွံနစ်လို့ လူတွေနဲ့ဝိုင်း တွန်းကြရတယ်။ မနေ့က အောင်သပြေကျေးရွာက ဒုက္ခသည်တွေအတွက် ရိက္ခာ အလှူသွားပေးတာမှာ ခမောင်းဆိပ်အထိတော့ မရောက်ရောက်အောင် သွားခဲ့ပေမယ့် ခမောင်းဆိပ်အလွန်မှာ လမ်းက ကားသွားလို့ မရတော့လို့ ရိက္ခာတွေကို ခမောင်းဆိပ်မှာ ထားခဲ့ရတယ်။ အဲဒီ ခမောင်းဆိပ်အထက်ပိုင်းကို ကားတွေသွားလို့မရတာ နှစ်လလောက် ရှိနေပြီလို့ ပြောကြတယ်။ လူတွေကတော့ အရေးပေါ်ဆိုရင် ဆိုင်ကယ်တွေနဲ့သွားတယ်လို့ပြောကြတယ်။ လမ်းက တအားကို ဆိုးနေလို့ မြောက်ပိုင်းဘက်ကလူတွေ သွားရေးလာရေး ကုန်စည်ပို့ဆောင်ရေး အခက်အခဲ ရှိနေကြတယ်” ဟု မောင်တောမြို့ခံ ဦးစိန်လှဖြူက ပြောကြားသည်။

လက်ရှိတွင် မောင်တောမြောက်ဖျားပိုင်း ကျေးရွာများသို့ သွားလာရာတွင် ဆိုင်ကယ်များဖြင့်သာ သွားလာနေရပြီး မော်တော်ကားများ သွားလာမရဖြစ်နေသဖြင့် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးအတွက် အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က အောင်သပြေရွာမှာ နေတာကြတာမှာ မောင်တောကိုသွားမယ်ဆိုလည်း လမ်းမကောင်းတော့ အဆင်မပြေဘူး။ အခုရိက္ခာပြတ်ပြီး စားဖို့သောက်ဖို့အခက်အခဲ ဖြစ်နေတာဖြစ်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး အောင်သပြေကျေးရွာတွင် ခိုလှုံရောက်ရှိနေသူ ဦးရွှေလှမောင်က ပြောကြားသည်။

မိုးများသည့် အရပ်ဒေသဖြစ်သဖြင့် ကွန်ကရစ်လမ်းအဖြစ် ပြောင်းလဲမှသာ အဆင်ပြေမည်ဖြစ်ပြီး ကြိမ်ချောင်း-ဗန္ဓုလလမ်းတွင် အောက်ခံလွှာ ကွန်ကရစ်ခင်းရန် ဆောင်ရွက်နေပြီး လက်ရှိခြောက်မိုင်ခန့် ကွန်ကရစ်လမ်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မောင်တောခရိုင် လမ်းတံတား အင်ဂျင်နီယာ ဦးဇော်မင်းကပြောကြားသည်။