ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ အောင်ဝင်းဇော်၏ သက်သေသုံးဦးအား စစ်ဆေးပြီး ၎င်းတို့အထဲမှ သက်သေတစ်ဦးက အောင်ဝင်းဇော်ကိုမသိဟု ထွက်ဆို

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ အောင်ဝင်းဇော်၏ သက်သေသုံးဦးအား စစ်ဆေးပြီး ၎င်းတို့အထဲမှ သက်သေတစ်ဦးက အောင်ဝင်းဇော်ကိုမသိဟု ထွက်ဆို
Published 22 September 2018

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၁ ရက် ရုံးချိန်းတွင် အမှုမှ အောင်ဝင်းဇော်၏ သက်သေသုံးဦးအား စစ်ဆေးရာ ယင်းတို့အထဲမှ သက်သေတစ်ဦးက အောင်ဝင်းဇော်ကိုမသိရှိကြောင်း ထွက်ဆိုခဲ့သည်။

အဆိုပါ သက်သေမှာ စည်ပင်မှ အငြိမ်းစားဝန်ထမ်းဖြစ်ပြီး အောင်ဝင်းဇော်နှင့် တစ်လမ်းတည်းနေသူဖြစ်ကာ ၎င်းအား နှစ်ဖက်ရှေ့နေများက မေးမြန်းစဉ် အောင်ဝင်းဇော်၏ ဇနီးဖြစ်သူနေအိမ်ကို သိသော်လည်း ရင်းနှီးမှုမရှိကြောင်း၊ အောင်ဝင်းဇော်အား မသိကြောင်း အစရှိသဖြင့်နှစ်ဖက်ရှေ့နေများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အောင်ဝင်းဇော်၏ရှေ့နေဦးအောင်ခိုင်က “မသိဘူးဆိုတာ တစ်လမ်းတည်း တစ်လိပ်စာတည်း သူသိပ်ကြောက်နေတယ်လေ။ အမှန်တော့ သူသိတော့သိတယ်။ သူမပြောရဲတာ။ သူ့ကိုသက်သေထဲထည့်တယ်ဆိုတာ ကာယကံရှင်နဲ့ သူ့အိမ်ကို သွားပြောပြီးသား။ ဒီလမ်းထဲမှာနေတဲ့ ထိုင်တဲ့အကြောင်း ပြောပေးဖို့ခေါ်ရတာကိုး။ ခေါ်ကတည်းက သူတို့အိမ်နီးချင်းတွေ ခေါ်တာကိုး။ သူရုံးရှေ့ကျတော့ ကြောက်လန့်နေတာ။ ဒီလိုပါပဲ။ အရပ်သားတွေက အတွေ့အကြုံနည်းတဲ့သူတွေက ရုံးအရှိန်အဝါနဲ့ ကြောက်လန့်ပြီးတော့ မဖြေရဲတာပေါ့။ တကယ်အသက်လည်းကြီးနေပြီဆိုတော့ သူ့လည်း အပြစ်ပြောလို့ မရဘူးလေ” ဟု ပြော ကြားသည်။

ထို့ပြင် အခြားသက်သေတစ်ဦးမှာ အောင်ဝင်းဇော်အိမ်နှင့် နှစ်အိမ်ခြားတွင် နေထိုင်သည့် ဦးမျိုးအောင်ဆိုသူကို စစ်ဆေးခဲ့ရာ ၎င်းက အောင်ဝင်းဇော်သည် ရပ်ကွက်သာရေးနာရေးများတွင် အလှူငွေများ ထည့်လေ့ရှိကြောင်း၊ ရပ်ကွက်တွင် အေးဆေးနေသူဖြစ်ပြီး မူးယစ်ဆူပူရမ်းကားမှုမရှိကြောင်း၊ ၎င်းတို့ လမ်းထဲသို့ အောင်ဝင်းဇော်မှာ လွန်ခဲ့သော သုံးနှစ်ခန့်က ပြောင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမတိုင်မီက အောင်ဝင်းဇော်မည်သည့် အရပ်တွင်နေထိုင်ပြီး မည်သည့်အလုပ်လုပ်သည်ကို မသိရှိကြောင်း၊ ၎င်းရှိနေစဉ် အချိန်အတွင်း အောင်ဝင်းဇော်၏အိမ်သို့ ကြည်လင်းလာသည်ကို မမြင်ဖူးကြောင်း၊ (ကြည်လင်းကိုကြည့်ပြော)၊ အချင်းဖြစ်ပြီးနောက်ပိုင်း ၎င်းတို့လမ်းထဲတွင် အောင်ဝင်းဇော်နှင့် ကြည်လင်းတို့ တွဲသွားတွဲလာလုပ်ဖူးကြောင်း မြင်တွေ့သိရှိသည်ဟု ရပ်ကွက်တွင်နေထိုင်သူများက ပြောကြားသည်ကိုမကြားဖူးသကဲ့သို့ ၎င်းကိုလည်းလာရောက် ပြောကြားဖူးခြင်းမရှိကြောင်း စသဖြင့်ဖြေကြားသည်။

ရုံးချိန်းတွင် အောင်ဝင်းဇော်၏သားကို စစ်ဆေးရာ ၎င်းက ထိုင်းနိုင်ငံ နစွန်ပလွန်မြို့တွင် လေယာဉ်မောင်းသင်တန်းမှ ၂၀၁၇ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ကျောင်းဆင်း လက်မှတ်ရခဲ့ကြောင်း၊ လေယာဉ်မောင်းသင်တန်းသို့ ဖခင်ဖြစ်သူ အောင်ဝင်းဇော် နှစ်ကြိမ်လာဖူးကြောင်း၊ ယင်းအနက် ဒုတိယအကြိမ်မှာ  ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင်  ရောက်ရှိလာခဲ့ပြီး ၂၄ ရက်မှပြန်သွားခြင်းဖြစ်ကြောင်း စသဖြင့် နှစ်ဖက်ရှေ့နေများ၏ မေးမြန်းမှုများ ကို ဖြေကြားသည်။ ဦးကိုနီအားသတ်ရန် ကြည်လင်းကို စေခိုင်းမှုဖြင့် အောင်ဝင်းဇော်ကို စွဲချက်တင်ထားခြင်းဖြစ်သည်။