လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တွေ့ရှိခဲ့သည့် အချက်များအား နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ အကြံပြုတင်ပြထားကြောင်း တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသိန်းဌေး ပြောကြား

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တွေ့ရှိခဲ့သည့် အချက်များအား နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ အကြံပြုတင်ပြထားကြောင်း တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသိန်းဌေး ပြောကြား
Published 21 September 2018

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ တွေ့ရှိထားသည့်အချက်များအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ အကြံပြု တင်ပြထားကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးက ပြောကြားသည်။

ကြေးနီစီမံကိန်းနှင့် ဒေသခံများကြား ပြေလည်မှု၏ အဓိကအချက်သည် မြေယာကိစ္စ ပြီးပြတ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဆည်းတည်းရွာဟောင်းနှင့် ဝက်မှေးရွာနှစ်ရွာသည် စီမံကိန်း၏ ဧရိယာအတွင်း ပါရှိနေခြင်းကြောင့် ကနဦး အနေဖြင့် ပြေလည်အောင် ဖြေရှင်းရန် လိုအပ်ကြောင်း၊ ဒေသခံများ၏ ရသင့်ရထိုက်သည့် ရပိုင်ခွင့်များပြီးမှသာလျှင် ၎င်းတို့ အနေဖြင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဓိကပြေလည်ဖို့အတွက်က နံပါတ်တစ်က မြေယာကိစ္စတွေ ပြီးပြတ်အောင် လုပ်ရမယ်။ စီမံကိန်းထဲမှာရှိတဲ့ ဆည်းတည်းရွာဟောင်းဆိုတာက သူတို့ကို ရွာအသစ်ပေးထားတာ ရှိပါတယ်။ စီမံကိန်းဘက်ကလည်း ရေမီး စတာတွေ အကုန်လုံးကို လုပ်ပေးထားတာရှိတဲ့အတွက် အချို့ရွာသားတွေက ပြောင်းနေတာတွေ ရှိပါတယ်။ ကျွန်တော်အကြံပြုထားတာကတော့ မြေယာကိစ္စလေးတွေ ပြေလည်အောင် ညှိနှိုင်းဖို့တော့ လိုပါတယ်။ နောက်တစ်ခုကျတော့ ကုမ္ပဏီအနေနဲ့လည်း ပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့ပေါ့နော်။ နောက်တစ်ခုက ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ကတိကဝတ်ပြုထားတဲ့ အချက်အလက်လေးတွေလည်း သေချာအလေးထား ဆောင်ရွက်ပေးဖို့ပေါ့။ နောက်တစ်ချက်ကျတော့ စိမ့်ကျနေတဲ့ရေတွေကို ပြန်လည်ဆန်းစစ်ပြီးတော့ လုံခြုံအောင် ထိန်းသိမ်းပေးဖို့ပေါ့။ နောက်တစ်ခါ အပင်တွေ သေသွားတာနဲ့ ပတ်သက်ပြီးတော့လည်း သဘာဝရှုခင်းပသာဒအတွက် ကောင်းအောင် ဆက်လုပ်ပေးပါပေါ့။ နောက်တစ်ခုက အမှုန်တွေ ထိန်းပေးပါပေါ့။ နောက်တစ်ခုက ဆဲယ်လိုင်းထဲမှာ ဒွတ်ပါနဲ့ အက်စစ်တွေ ဖျန်းတာရှိတယ်။ ဝက်ပလာတွေနဲ့ သုံးထားတာ တွေ့ရတယ်။ ဒါလေးတွေကိုလည်း မသုံးပါနဲ့ပေါ့နော်။ အဲဒါတွေကို ကျွန်တော်တို့က အကြံပြုပေးထားပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က တင်လိုက်တာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသိန်းဌေးက ပြောကြားသည်။

ချင်းတွင်းမြစ်ရေသည် ယခင်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မစတင်မီကာလက ရေကြီးချိန်တွင် တောင်ခြေအထိ ရေတက်ရေကျရှိကြောင်း၊ မြစ်၏ဂေဟအရ ရေကျသွားပြီးနောက် နုန်းတင်မြေနုကျွန်း စိုက်ခင်းများလည်း ဒေသခံများက လုပ်ကိုင်ကြကြောင်း၊ နုန်းတင်မြေနုကျွန်းများပေါ်တွင် ဒေသခံများ အနေဖြင့် ဆန်စပါးမှလွဲ၍ အခြားသီးနှံများလည်း စိုက်ပျိုးခဲ့ကြပြီး ယခင်ကမြေနုကျွန်းများပေါ်သို့ မြေပဲဆန်တစ်တင်း စိုက်ပျိုးပါက မြေဆန်ပဲအတင်းရေ ၃၀ အထိ ထွက်ရှိခဲ့ကြောင်း၊ ယခုနောက်ပိုင်းတွင် မြေနုကျွန်းများပေါ်သို့ မြေပဲဆန်တစ်တင်း စိုက်ပျိုးပါက မြေဆန်ပဲအတင်းရေ ၂၀ အထိသာ ထွက်ရှိကြောင်း ဒေသခံများက ၎င်းတို့ကို ပြောပြခဲ့ကြောင်း ဦးသိန်းဌေးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေး ဦးဆောင်သောအဖွဲ့နှင့် လက်ပံတောင်းတောင်ဒေသခံတို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်က ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ တွေ့ဆုံမှုသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မုံရွာသို့ လာရောက်ခဲ့စဉ်အခါက ဆားလင်းကြီးမြို့နယ် ဆည်းတည်းရွာဟောင်းတွင် နေထိုင်သည့် ဒေသခံတစ်ဦးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ အက်စစ်ရေဆိုးများ စွန့်ပစ်မှုကြောင့် စိုက်ပျိုးမြေများ ပျက်စီးခြင်း၊ ကျောက်မိုင်းခွဲမှုကြောင့် အနီးအနားရှိလူထုမှာ စိုးရိမ်ထိတ်လန့်နေရခြင်းတို့ကြောင့် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဖြေရှင်းပေးရန်အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တိုင်ကြားခဲ့ကြကြောင်း သိရသည်။