ဘိုကလေးမြို့မရဲစခန်းရှိ အချုပ်သားသုံးဦး အချုပ်ခန်းဖောက်ပြေးသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်ရှစ်ဦးအား အရေးယူထား

ဘိုကလေးမြို့မရဲစခန်းရှိ အချုပ်သားသုံးဦး အချုပ်ခန်းဖောက်ပြေးသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်ရှစ်ဦးအား အရေးယူထား
Published 20 September 2018

ဘိုကလေးမြို့တွင် မြို့မရဲစခန်းရှိ အချုပ်သားသုံးဦး အချုပ်ခန်းဖောက်ပြေးသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ကျရဲတပ်ဖွဲ့ဝင်ရှစ်ဦးအား စက်တင်ဘာ ၁၈ ရက်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ ဘိုကလေးမြို့မ ရဲစခန်း ဗဟိုရဲကင်းရှိ အချုပ်ခန်း (၁) တွင် အချုပ်သား ၃၄ ဦး၊ အချုပ်ခန်း (၂) တွင် အချုပ်သား ၃၄ ဦး၊ အချုပ်ခန်း အမှတ် (၃) တွင် အချုပ်သား ၁၁ ဦး၊ အမျိုးသမီးသီးသန့် အချုပ်ခန်းတွင် အချုပ်သား ၁၀ ဦးအား ယာယီထိန်းသိမ်းထားပြီး ရဲတပ်သားနှစ်ဦးကို ကင်းစောင့် တာဝန်ချထားကြောင်း၊ အစောင့်ရဲတပ်သား နှစ်ဦးဖြစ်သူ ရဲတပ်သားမျိုးဇော်ကိုနှင့် ရဲတပ်သား သန်းထိုက်စိုးတို့ အိပ်ပျော်နေစဉ် အချုပ်ခန်း အမှတ် (၃) ရှိ အချုပ်ခန်းအား ကာရံထားသော သစ်သားတိုင်အမှတ် ၉၃ မှာ မြေပြင်မှ အမြင့်ပေ သုံးပေခန့်အကွာတွင် သံဖြတ်လွှဖြင့် ဖြတ်ထားသည်ကို အစောင့်ရဲသားတစ်ဦးဖြစ်သူ ရဲတပ်သား သန်းထိုက်စိုးက တွေ့ရှိရသဖြင့် တာဝန်မှူးထံ သတင်းပို့ပြီးနောက် အချုပ်သားများကို စစ်ဆေးရာတွင် (ပ)၃၆၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အချုပ်ကျနေသူ မောင်အာကာဂျူး (၂၃ နှစ်)၊ (ပ) ၃၄၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အချုပ်ကျနေသူ ကိုလှဦး (၃၃ နှစ်) နှင့် (ပ) ၂၃၇/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့် အချုပ်ကျနေသူ ကိုနန္ဒအောင် (ခ) ဖိုးဖြူ (၁၉ နှစ်) တို့မှာ အချုပ်မှ ထွက်ပြေးသွားခဲ့သည်ကို သိရှိရသောကြောင်း၊ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ ထွက်ပြေးခဲ့သည့် အချုပ်သားသုံးဦးမှာ ဘိုကလေးမြို့နယ် ပိုက်စလကျေးရွာအနီး ကားလမ်းပေါ်တွင် ဘိုကလေးမြို့ဘက်မှ မော်လမြိုင်ကျွန်းမြို့ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား လုယူ၍ မော်လမြိုင်ကျွန်းဘက်သို့ ထွက်ပြေးသွားသည်ကို သိရှိရသောကြောင့် လိုက်လံဖမ်းဆီးရာ ထွက်ပြေးခဲ့သည့် အချုပ်သားသုံးဦး အနက် နှစ်ဦးအား ပြန်လည်ဖမ်းဆီးမိပြီး လွတ်မြောက်နေသူ တစ်ဦးကိုလည်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ပြန်လည်ဖမ်းဆီးမိခဲ့ကြောင်း၊ အချုပ်သားများ အချုပ်ခန်းဖောက်ပြေးသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ကျရဲတပ်ဖွဲ့ဝင်များဖြစ်သော ဒုရဲအုပ်လှစိုး၊ ဒုတပ်ကြပ်အောင် မျိုးဝင်း၊ ရဲတပ်သားများဖြစ်ကြသည့် သန်းထိုက်စိုး၊ မျိုးဇော်ကို၊ ဇင်ဘိုအောင်၊ အောင်နိုင်စိုး၊ သီဟထွန်းနှင့် အားမန်တို့အား ရဲစည်းကမ်း ဥပဒေများအရ ဘိုကလေးမြို့မ ရဲစခန်းအချုပ်တွင် ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

“ဖြစ်တဲ့အချိန်မှာ တာဝန်ကျတဲ့ တပ်ဖွဲ့ဝင်တွေကို ရဲစည်းကမ်းဥပဒေအရ ချုပ်ထားပြီး စစ်ဆေးနေတယ်။ ထွက်ပြေးသွားတဲ့ တရားခံတွေ အားလုံးကိုတော့ ဖမ်းမိပြီ” ဟု ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မျိုးဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရဲစခန်းအချုပ်များတွင် အချုပ်သားများ အချုပ်ခန်း ဖောက်ပြေးသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၇ ခုနှစ်အတွင်းကလည်း မော်လမြိုင်ကျွန်းမြို့မ ရဲစခန်းအချုပ်အား အချုပ်သားအချို့ ဖောက်ထွင်းကာ ထွက်ပြေးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။