ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနား ဟင်္သာတ၌ ကျင်းပခဲ့မှုနှင့် ပတ်သက်၍ ဦးဆောင်သူ လေးဦးအား တရားစွဲဆိုရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရ ညွှန်ကြား

ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနား ဟင်္သာတ၌ ကျင်းပခဲ့မှုနှင့် ပတ်သက်၍ ဦးဆောင်သူ လေးဦးအား တရားစွဲဆိုရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရ ညွှန်ကြား
Published 19 September 2018

ကရင့်အမျိုးသား အာဇာနည်နေ့အခမ်းအနား ဟင်္သာတ၌ ကျင်းပခဲ့မှုနှင့်ပတ်သက်၍ ဦးဆောင်သူလေးဦးကို တရားစွဲဆိုရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရမှ ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါကိစ္စ၌ ဦးဆောင်သူများအား တရားစွဲဆိုနိုင်ရေး တိုင်းအစိုးရအဖွဲ့ထံ ဥပဒေအကြံပြုချက် တင်ပြခဲ့ရာ ရပ်/ကျေးဥပဒေအား တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေပုဒ်မ (၂၆) အရ တရားစွဲဆို ဆောင်ရွက်သွားရန် ပြန်လည်ညွှန်ကြား ထားခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့်စာအရ သိရသည်။

“ဒီပွဲက နှစ်စဉ်နှစ်တိုင်း လုပ်လာတာ။ ဒီနှစ်ကျမှ သူတို့ကတားတယ်။ အကျိုးအကြောင်း ရှင်းပြပေမယ့် လက်မခံဘူး။ သူတို့က ကရင်မှာ အာဇာနည်ရှိတယ် ဆိုတာကို လက်မခံတဲ့ သဘောပဲ။ သူတို့က တင်ပြတဲ့အပေါ်မှာ တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်အရ ကျွန်တော်တို့ကို တရားစွဲမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုခိုင်းတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာလာပို့တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ သူတို့ရဲ့ ဆောင်ပုဒ်ရှိတယ်လေ။ ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ နေ့ကြီးရက်ကြီးတွေ လုပ်တဲ့အပေါ်မှာ သူတို့က ဟန့်တားနှောင့်ယှက် ပိတ်ပင်တယ်ဆိုတာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုတာကို ဆန့်ကျင်ရာလည်း ရောက်တယ်။ ဒါမဖြစ်သင့်တဲ့ အလုပ်တစ်ခုလို့ပဲ မြင်တယ်။ ဒီပွဲအခမ်းအနားမှာလည်း ကိုယ့်အမျိုးသားရေးနဲ့ ပတ်သက်တဲ့ အကြောင်းပဲပြောတယ်။ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့အကြောင်း ပြောတယ်။ ကလေးတွေ ရှေ့ဆက်သွားရမယ့် အနာဂတ်အတွက် ပညာရေးအကြောင်း ပြောတယ်။ ဥပဒေကို ထိပါးတဲ့ အကြောင်းအရာတွေလည်း မပါဘူး။ အာဏာပိုင် အဖွဲ့အစည်းတွေကို ထိပါးစော်ကားတဲ့ အကြောင်းတွေလည်း မပါဘူး” ဟု ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ စောကျော်ကြီးက ပြောကြားခဲ့သည်။

အခမ်းအနား ကျင်းပချိန်နှင့် ကျင်းပပြီးနောက် အရေးယူခံရမည်ဟု သက်ဆိုင်ရာမှ ထုတ်ပြန်ခဲ့သည့် ခေါင်းဆောင်များ စာရင်းတွင် KNU ကရင်အမျိုးသား အစည်းအရုံး (ဗဟို) မှ ဖဒိုမန်းငြိမ်းမောင်လည်း ပါဝင်ခဲ့ပြီး တရားစွဲဆိုရန် ညွှန်ကြားလာချိန်၌ ဖဒိုမန်းငြိမ်းမောင် ပါဝင်ခြင်း မရှိတော့ဘဲ စောအောင်မွန်စိုး အပါအဝင် လေးဦးကိုသာ တရားစွဲဆိုမည်ဟု ဖော်ပြထားကြောင်း သိရသည်။

“အခုဟာက ရပ်ကွက်ကို ပြန်ပြီးညွှန်ကြားတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဗမာလူမျိုး ဖြစ်နေတယ်လေ။ လုပ်တာက ကရင်တွေက လုပ်တယ်။ အဓိပ္ပာယ်ကောက်လွဲလို့ရှိရင် ပြဿနာတွေတက်မယ်။ တိုင်းဒေသကြီး အစိုးရက ဘာမှနားလည်မှု မရှိဘူး။ အမြော်အမြင်လည်း မရှိဘူး။ တိုင်းပြည်အုပ်ချုပ်တာ ဒီလောက်မှ နားမလည်ရင် အလကားပဲ။ လူမျိုးတစ်မျိုး၊ တိုင်းရင်းသား တစ်မျိုးရဲ့ ထူးမြတ်တဲ့နေ့ကို တစ်ဦးကိုတစ်ဦး နားလည်နိုင်ရမယ်။ အစိုးရကြွေးကြော်ထားတဲ့ အမျိုးသား သင့်မြတ်ရေးဆိုတာ ဘာအဓိပ္ပာယ်ရှိလဲ။ ဘာမှအဓိပ္ပာယ် မရှိဘူး။ ဒီဧရာဝတီတိုင်းအစိုးရက ဘာမှနားမလည်ဘူး။ ကျန်တဲ့ဒေသတွေမှာ လုပ်နေတာပဲ။ နားလည်ပေးတာပဲ။ ကျွန်တော်ပြောပြမယ်။ ဥပမာတစ်ခု။ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒေသ တစ်ခုမှာ TNLA ကလာပြီးတော့လုပ်တယ်။ နောက်ဆုံးကျတော့ တိုင်းမှူးက နားလည်မှုပေးလိုက်တယ်။ ပဋိပက္ခမဖြစ်ရင် တော်ပြီဆိုပြီး။ ဒါလက်နက်ကိုင် အင်အားစုအချင်းချင်းတောင် နားလည်နိုင်သေးတာပဲ။ ပဋိပက္ခ မဖြစ်အောင်၊ ယုံကြည်မှု ပျက်ပြားမှုဖြစ်စေမယ့် ဟာတွေကို ရှောင်ရှားပြီးလုပ်တယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲ ကိစ္စတွေကို တစ်ဦးကို တစ်ဦး နားလည်မှု၊ ရိုသေမှုနဲ့ မသွားဘဲနဲ့ ဒီလိုပဲ အာဏာရှိတိုင်း လျှောက်လုပ်မယ်ဆိုရင် ဒီတိုင်းပြည်က အလကားပဲ။ ပျက်စီးဖို့က နီးနေပြီ။ တိုင်းပြည် ဒီလောက်အကျပ်အတည်း ဖြစ်နေတာ သူတို့နားမလည်ဘူးလား။ ဒီတိုင်းဒေသကြီး အစိုးရက။ အခက်အခဲ ဒီလောက်ကြုံနေတဲ့ တိုင်းပြည်တစ်ခုက အမျိုးသား စည်းလုံးညီညွတ်ရေး အင်မတန် လိုအပ်တဲ့အချိန်မှာ ဘာမှမဟုတ်တဲ့ ဒီအသေးအဖွဲ ကိစ္စတွေက လူမျိုးရေး အဓိကရုဏ်း ဖြစ်သွားနိုင်တယ်” ဟု KNU ကရင်အမျိုးသား အစည်းအရုံး(ဗဟို)မှ ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမည့်ကိစ္စ၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးကို ထိပါးစေမည့် ကိစ္စရပ်များ အခမ်းအနား၌ လုပ်ဆောင်ခဲ့ကြခြင်း မရှိဘဲ အာဏာပိုင်များကိုလည်း တက်ရောက်ရန် ပြောကြားခဲ့သော်လည်း တားမြစ်ခဲ့သဖြင့် ကရင်လူမျိုးများက မခံမရပ်နိုင်ဖြစ်ခဲ့ပြီး ဆူပူမှု မဖြစ်ပေါ်စေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကိစ္စသည် ထိလွယ်ရှလွယ်ရှိသည့် အနေအထား ဖြစ်သည်ကို တိုင်းအစိုးရမှ နားလည်ရန် လိုအပ်ကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆက်လက် ပြောကြားသည်။

ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ပါတီရုံး၌ သြဂုတ် ၁၂ ရက်က ပြုလုပ်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားတွင် ကရင်အာဇာနည်နေ့ အခမ်းအနားနှင့် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းကို ထည့်သွင်းဆောင်ရွက်ခဲ့မှုအပေါ် ဦးဆောင်သူ လေးဦးအား အရေးယူရန် သက်ဆိုင်ရာက ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူထံ စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားသူက ဝန်ကြီးအစည်းအဝေးတက်နေကြောင်းသာ ဖြေကြားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်ထံ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။