မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ်မှ ခရီးသွားလာမှု နည်းပါးနေပြီး ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရန် လမ်းခရီးအနေအထားနှင့် နှစ်နိုင်ငံ အမြဲတမ်းနယ်စပ်ဂိတ် ဖွင့်လှစ်ရန် လိုအပ်နေကြောင်း သိရ

မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ်မှ ခရီးသွားလာမှု နည်းပါးနေပြီး ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရန် လမ်းခရီးအနေအထားနှင့် နှစ်နိုင်ငံ အမြဲတမ်းနယ်စပ်ဂိတ် ဖွင့်လှစ်ရန် လိုအပ်နေကြောင်း သိရ
Published 19 September 2018

မောတောင်နယ်စပ်ဂိတ်မှ လာရောက်လည်ပတ်သည့် ခရီးသွားများအား တွေ့ရစဉ်

မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ်မှ ခရီးသွားလာမှု နည်းပါးနေပြီး ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရန်မှာ လမ်းခရီးအနေထားနှင့် နှစ်နိုင်ငံအမြဲတမ်း နယ်စပ်ဂိတ်ဖွင့်လှစ်ရန် လိုအပ်နေကြောင်း ကုန်သည်များနှင့် တာဝန်ရှိသူများက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာ-ထိုင်း နယ်စပ်တစ်ခုဖြစ်သော မောတောင်-ဆင်းခွန်ဂိတ်တွင် မြန်မာဘက်ခြမ်းမှ အမြဲတမ်း ဖွင့်လှစ်ထားသော်လည်း ထိုင်းနိုင်ငံမှ အထူးယာယီ နယ်စပ်ဂိတ်အဖြစ်သာ ဖွင့်လှစ်ထားနိုင်သောကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလာရေး ကဏ္ဍများတွင် ကန့်သတ်ချက်များ ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံဘက်မှ မောတောင်နယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ်တွင် အမြဲတမ်းဂိတ်အဖြစ် ဖွင့်လှစ်ပေးခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ ဆင်းခွန်ဂိတ်ကို ၂၀၁၅ ခုနှစ်တွင် အထူးယာယီနယ်စပ် အဖြစ်သို့သာ တိုးမြှင့်ဖွင့်လှစ် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ အထူးယာယီနယ်စပ်ဂိတ် ဖြစ်နေသည့်အတွက် တတိယနိုင်ငံသားများမှာ မောတောင်-ဆင်းခွန်ဂိတ်မှတစ်ဆင့် လာရောက်နိုင်ခြင်းမရှိ ဖြစ်နေကြောင်း သိရသည်။

“ဒီဘက်မှာတော့ ထိုင်းနိုင်ငံသားပဲ အဝင်အထွက်ရှိတယ်။ သူတို့က BP (Border Pass) နှင့်လာတာရှိတယ်။ TBP (Temporary Border Pass) နှင့် လာတာရှိတယ်။ မြန်မာနိုင်ငံသားတွေကလည်း ဒီလိုပဲ BP၊ TBP နှင့် သွားလာကြတယ်။ တစ်လကို ထိုင်းနိုင်ငံသားတွေက TBP နဲ့ ၄၀၀ ကျော်လောက် လာကြတယ်။ BP နဲ့က ၈၀ ကျော်လောက် လာကြတယ်။ ဒီမိုးတွင်းပိုင်းမှာ ခရီးသည် အဝင်အထွက် နည်းနည်းကျဆင်းသွားတယ်။ လမ်းပိုင်းဆက်သွယ်မှု မကောင်းတော့ သိပ်မလာကြဘူး။ မောတောင်အနီးတစ်ဝိုက်က ရွာတွေမှာရှိတဲ့လူတွေက ဟိုဘက်မှာ သွားရောက်ပြီး အလုပ်လုပ်တဲ့ သူတွေရှိတယ်။ သူတို့လည်း BP၊ TBP နဲ့ သွားကြတယ်။ ထိုင်းနိုင်ငံသားတွေက ဒီဘက်ကို အများဆုံးလာကြတာက ဘုရားဖူးအတွက်ပဲ လာကြတယ်။ မြိတ်မြို့အထိ သွားကြတယ်။ မြန်မာနိုင်ငံသားတွေကတော့ ဟိုဘက်မှာ အလုပ်အကိုင် လေးတွေရှိတော့ သွားပြီးလုပ်ကြတယ်။ နေ့ချင်းပြန် သွားကြတာများတယ်။ မြန်မာတွေကို ထိုင်းနိုင်ငံ ပရာကျော့မြို့အထိ သွားလာခွင့် ပေးထားတယ်။ BP ဆိုရင် သုံးညအိပ် လေးရက်အထိ လည်ပတ်လို့ရတယ်။ ထိုင်းနိုင်ငံသားတွေကို မြန်မာနိုင်ငံဘက်က BP ဆိုရင် ၁၃ ညအိပ် ၁၄ ရက် TBP ဆိုရင် ၆ ညအိပ် ၇ ရက်အထိ လည်ပတ်ခွင့် ပေးထားရတယ်” ဟု မောတောင်နယ်စပ်ကင်းစခန်းမှ လဝကမှူး ဦးမောင်မောင်ကျော်က ပြောကြားသည်။

မောတောင်ဆင်းခွန်ဂိတ်မှာ စီးပွားရေး အခွင့်အလမ်းအရရော ခရီသွားလာမှုကဏ္ဍ အတွက်ပါ များစွာအရေးပါ နေသော်လည်း ယခုအထိ အမြဲတမ်းဂိတ်များ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် နစ်နာမှုများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံဘက်တွင် အမြဲတမ်းဂိတ် ဖွင့်လှစ်လာပါက လိုအပ်မည့် အနေအထားများကို ပြင်ဆင်ထားပြီဖြစ်ကာ အဆိုပါဂိတ်ကို အမြဲတမ်းဂိတ် ဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ နယ်နိမိတ် အတည်ပြုချက်လက်မှတ် လိုအပ်နေကြောင်း ထိုင်းနိုင်ငံဘက်က ပြောကြားထားခဲ့သည်။

“မဟာချိုင်ဒေသဆိုရင် နယ်စပ်ကနေ သုံးနာရီခရီးပဲရှိတယ်။ နောက်ပြီး ဟွာဟင်ဆိုတဲ့နေရာက နိုင်ငံခြားသားတွေ အများကြီးလာတဲ့မြို့ တစ်မြို့ပါ။ ဒီမြို့လေးကို တစ်နှစ်လျှင် နိုင်ငံခြားသား ခုနစ်သန်းလောက် လာရောက် လည်ပတ်ကြတယ်။ ကျွန်တော့်ဆီကို ၁၀ ရာခိုင်နှုန်းလောက် ဝင်လာခဲ့ရင်တောင် ခရီးသွားလုပ်ငန်း အတွက် အများကြီးကို အကျိုးရှိမှာပါ။ ဒါကြောင့် ဒီဂိတ်ဖွင့်လှစ်နိုင်ဖို့က မြိတ်ခရိုင်အတွက်ရော နိုင်ငံတော်အတွက်ပါ အရမ်းကို အရေးကြီးပါတယ်။ ဒီဂိတ်ကို ဖွင့်လှစ်လိုက်ပါက မြိတ်ခရိုင်၊ ပကျော့ခရိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ ဧကန်မလွဲပါဘူး” ဟု မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုအသင်းဥက္ကဋ္ဌ ဦးလှသန်းက ပြောကြား သည်။

မြန်မာနိုင်ငံဘက်တွင် လမ်းပန်းဆက်သွယ်မှု အနေထားများ ကောင်းမွန်စွာ မရှိသေးခြင်း၊ လည်ပတ်စရာ နေရာများ ဖန်တီးနိုင်မှု ရှိသေးခြင်းနှင့် ကုန်သွယ်မှု မြင့်တက်လာမှု မရှိသေးခြင်း တို့မှာလည်း အားနည်းချက်တစ်ခု ဖြစ်နေကြောင်း သိရသည်။

“ကျွန်တော့်အမြင်ပြောရရင် ထိုင်းနိုင်ငံဘက်မှာ ဈေးနေ့လေးရှိတယ်။ ကျွန်တော်တို့ဘက်မှာ ဈေးနေ့မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ဘက်မှာ ဈေးနေ့လေးတွေ လုပ်ထားရင် နိုင်ငံခြားသားတွေ အလည်အပတ် ရောက်လာနိုင်တယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်ဖို့လည်းလိုမယ်။ မြိတ်မြို့ဘက်ကိုတော့ အလှအပလေးတွေရှိတော့ လည်ပတ်ချင်ကြတယ်။ လမ်းလေးတစ်ခုကိုပဲ ကောင်းမွန်ဖို့လိုတယ်။ မိုးတွင်းမှာဆိုရင် သူတို့လမ်းမကောင်းလို့ ပြန်လှည့်သွားရတာရှိတယ်” ဟု လဝကမှူး ဦးမောင်မောင်ကျော်က ပြောကြားသည်။