ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ မျိုးသုဉ်းလုနီး မလေးဝက်ဝံများအား ကင်မရာထောင်ချောက် အလုံးပေါင်း ၁၂၀ ဖြင့် မှတ်တမ်းတင်စောင့်ကြည့်ပြီး သုတေသနလုပ်ငန်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေ

ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ မျိုးသုဉ်းလုနီး မလေးဝက်ဝံများအား ကင်မရာထောင်ချောက် အလုံးပေါင်း ၁၂၀ ဖြင့် မှတ်တမ်းတင်စောင့်ကြည့်ပြီး သုတေသနလုပ်ငန်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေ
Published 19 September 2018

ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ မလေးဝက်ဝံ တစ်ကောင်အား တွေ့ရစဉ်

ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောရှိ မျိုးသုဉ်းလုနီး မလေးဝက်ဝံများအား ကင်မရာ ထောင်ချောက် အလုံးပေါင်း ၁၂၀ ဖြင့် မှတ်တမ်းတင်စောင့်ကြည့်ပြီး သုတေသနလုပ်ငန်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသုတေသနလုပ်ငန်းကို Segere Foundation ၏ ကူညီထောက်ပံ့မှုဖြင့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) တို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ထမံသီတောအတွင်းရှိ မလေးဝက်ဝံများ မည်သည့်နေရာတွင် မည်မျှကျက်စားသည်၊ မည်သည့်နေရာများတွင် မည်ကဲ့သို့ မျိုးပွားသည် စသည်တို့ကို ကင်မရာမှတ်တမ်းများ၊ ကင်းလှည့်ခြင်းများဖြင့် သုတေသန ပြုလုပ်နေခြင်းဖြစ်ကြောင်း ထမံသီဘေးမဲ့တောတွင် မလေးဝက်ဝံ သုတေသန ပြုလုပ်နေသူ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ ဦးဇာနည်အောင်၏ ပြောကြားချက်အရ သိရသည်။

“၂၀၁၆ နှောင်းပိုင်းလောက်ကစပြီး ကင်မရာထောင်ချောက် အလုံး ၁၂၀ နဲ့ စတင်ခဲ့တာပေါ့။ ထမံသီ ဘေးမဲ့တောအတွင်း သူတို့ရဲ့ ကျက်စားနေထိုင်မှု ဘယ်လိုရှိတယ်။ နောက်မျိုးဆက် ပြန့်ပွားနိုင်ဖို့ အလားအလာရှိလား စသဖြင့် သုတေသနလုပ် မှတ်တမ်းတင်တာပေါ့။ ထမံသီဘေးမဲ့တော ဧရိယာ စုစုပေါင်း ၂၄၀ စတုရန်းကီလိုမီတာကို အကွက်လေးကွက် ခွဲလိုက်တယ်။ တစ်ကွက်စီကို ကင်မရာထောင်ချောက်အလုံး ၆၀ ထောင်ပြီး စောင့်ကြည့်တယ်။ ကင်မရာထောင်တာ တစ်ကွက်ကို တစ်ခါထောင်ရင် ၄၅ ရက်ကြာတယ်။ ဒီတောမှာပဲ မလေးဝက်ဝံ သုတေသနတွေကို လေးနှစ်ကြာ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အခုက နှစ်နှစ်လုပ်ပြီးသွားပြီ။ ရလဒ်ကိုတော့ လေးနှစ်ပြီးမှ ရထားတဲ့ အချက်အလက်တွေ အကုန်နှိုင်းယှဉ်ပြီး ပြောနိုင်မယ်။ ပထမနှစ်အတွက် ကင်မရာမှတ်တမ်း သုတေသနတွေကို စာရင်းသွင်း တွက်ချက်ထားတာတော့ ရှိတယ်။ ဒီနှစ်အတိုင်းအတာကတော့ တွက်ချက်တုန်းပါ။ မနှိုင်းယှဉ်ရသေးပါဘူး။ ရထားသလောက် မှတ်တမ်းတွေအရတော့ ထမံသီ ဘေးမဲ့တောအတွင်းက မလေးဝက်ဝံတွေအတွက် အလားအလာ ကောင်းပါတယ်” ဟု မလေးဝက်ဝံ သုတေသနလက်ထောက် ဦးဇာနည်အောင်က ပြောကြားသည်။

မလေးဝက်ဝံသည် အသီးအရွက်အပြင် အစုံစားသတ္တဝါဖြစ်ပြီး ၎င်း၏မစင်မှတစ်ဆင့် အပင်မျိုးစိတ်များကို ပျံ့နှံပေါက်ရောက်စေသည်။ မလေးဝက်ဝံများသည် သစ်ပင်ပေါ်တက်ပြီး ပင်စည်တွင် ကပ်နေသည့် ပိုးမွှားများကို ဖယ်ရှားစားသုံးပစ်သောကြောင့် သစ်တော၊ သစ်ပင် ကြီးထွားမှုကို အကျိုးပြု၍ သဘာဝ၏ အင်ဂျင်နီယာများ အဖြစ်လည်း သစ်တောပညာရှင်များက တင်စားထားကြသည်။

မလေးဝက်ဝံများအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သုတေသနပြုခြင်းအားဖြင့် နောက်ဆက်တွဲ မျိုးစိတ်များအား ကာကွယ်စောင့်ရှောက်မှု ရှိနေခြင်းကြောင့် သဘာဝတောများ၏ Key Specie (အဓိက အရေးကြီးသော မျိုးစိတ်)၊ Umbrella မျိုးစိတ်အဖြစ်လည်း ညွှန်ဆိုထားကြောင်း မလေးဝက်ဝံ သုတေသန ပြုလုပ်နေသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံနှင့် မလေးဝက်ဝံဟူ၍ နှစ်မျိုးရှိပြီး မလေးဝက်ဝံများသည် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် ရခိုင်အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် ကျက်စားသော်လည်း ယခုအခါ မလေးဝက်ဝံများ၏ အစိတ်အပိုင်းများ၊ သည်းချေများကို တရားမဝင် ဈေးကွက်တွင် ရောင်းချခြင်း၊ ကုန်သွယ်ခြင်း၊ စီးပွားဖြစ် အမဲလိုက်ခံရခြင်း၊ မလေးဝက်ဝံတို့၏ စားကျက်မြေများ လျော့နည်း ပျောက်ကွယ် လာခြင်းနှင့် စားကျက်မြေများ အစုလိုက်၊ အစုလိုက် ကွဲထွက်သွားခြင်းများကြောင့် မျိုးပွားမှုနှုန်းများ ကျဆင်းလာပြီး အချို့ဒေသများတွင် မျိုးသုဉ်းလုနီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent