ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးတွင် ပျံကျတွန်းလှည်းဈေးသည်များ ဝင်ခွင့်ပြုမည်မဟုတ်

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးတွင် ပျံကျတွန်းလှည်းဈေးသည်များ ဝင်ခွင့်ပြုမည်မဟုတ်
Published 16 September 2018

၂၀၁၇ ခုနှစ်က ကျင်းပခဲ့သော တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို တွေ့ရစဉ်

၂၀၁၈ ခုနှစ် တောင်ကြီးတန် ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကြီး မီးပုံးပျံကွင်းအတွင်း  ဝင်ခွင့်ပြုတော့ မည်မဟုတ်ကြောင်း မီးပုံးပျံပွဲတော် ကျင်းပရေး ဗဟိုဦးစီးကော်မတီထံမှ သတင်းရရှိသည်။

တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်စေရန် မီးပုံးပျံပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လာမည့် နိုဝင်ဘာ ၁၅ ရက်မှ ၂၂ ရက် (တန် ဆောင်မုန်းလပြည့်နေ့) အထိ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်တွင် ဆုပေးပွဲ ကျင်းပမည်ဖြစ်ရာ ကိုးရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ဦးစီးကော်မတီအဖွဲ့မှ ရက်သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

ယခုနှစ်တွင် ပြင်ပမှ ကွင်းအတွင်း လာရောက် ရောင်းချနေသော ပျံကျတွန်းလှည်း ဈေးသည်များကို မီးပုံးပျံကွင်းအတွင်း ဝင်ခွင့်ပြုတော့မည် မဟုတ်ကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယခုနှစ်တွင် နာမည်သစ်မီးများ တိုးလာသည့်အပြင်  ကမ္ဘောဇဘဏ် မှလည်း အလုံးရေလေးလုံး ပြုလုပ် မည်ဖြစ်သဖြင့် မီးကြီး ပိုများလာမည် ဖြစ်ပြီး စိတ်တိုင်းကျ ရှုမြင်ခံစားရ မည်ဖြစ်ကြောင်း မီးပုံးပျံ ပွဲတော် ကျင်းပရေး၊ အမှတ်ပေးဒိုင်အဖွဲ့နှင့် ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ပညာရှင် အသင်းမှ ဒေါက်တာသန်းဝင်းက ပြောကြားသည်။

ယခုနှစ်တွင် ပြိုင်ပွဲဝင်အဖွဲ့များ သိသာစေရန်အတွက် စည်းကမ်းချက်အသစ်များ ထပ်တိုးထားပြီး ယမ်းခွေ စနက်တံများကို အသင့်ပြုလုပ်ပြီး ပစ္စည်းများကို သုံးခွင့်မပြုတော့ကြောင်း၊ မီးပုံးပျံဒွာရပေါက်တွင် စတီးများ၊ အလူမီနီယံတို့ကို အသုံးပြုခွင့်မပေးတော့ဘဲ ရိုးရာဝါးဖြင့်သာ ပြုလုပ်ရန် စည်းကမ်းချက် ထုတ်ထားကြောင်း၊ ကျန်စည်းကမ်းများမှာ ယခင်နှစ်ကအတိုင်းပင် ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလဆန်းအထိ မှိုင်းစမ်းထောင်ပြီးသော မီးပုံးပျံ သုံးလုံးရှိပြီး ပြုလုပ်နေသော အလုံးပေါင်း ၁၅ လုံးခန့် ရှိနေကြောင်း၊ အချို့မှာ မီးပုံးပျံပြီးသဖြင့် ယမ်းပိုင်းကိုပင် စတင်လုပ်ဆောင် နေကြပြီဖြစ်ကြောင်း သိရသည်။

“ဒီနေ့အစည်းအဝေးမှာ ရက်ကိုတော့ နိုဝင်ဘာလ ၁၅ ရက်ကနေ ၂၂ ရက်အထိ ၂၃ ရက်က ဆုပေးပွဲပေါ့။ ကိုးရက်ကျင်းပဖို့ သတ်မှတ်လိုက်တယ်။ အရင်ရက်တွေထဲက ကက်ဘိနက် အစည်းအဝေးမှာ ဆုံးဖြတ်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီနှစ်မှာတော့ လက်တွန်းလှည်းတွေ ပေးမဝင်တော့ဘူးလို့ သိရတယ်” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပြောကြားသည်။

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းမှာပင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး နှစ်နှစ်အတွင်း ရွှေ့ပြောင်းရန် မဖြစ်နိုင်သေးကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

ယခုနှစ်တွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မကျင်းပမီ အချိန်ကပင် စတင်၍ အဖွဲ့စုံဖြင့် မီးပုံးပျံအဖွဲ့များကို ရှောင်တခင် စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း၊ မီးပုံးပျံ အဖွဲ့များအားလုံး မီးသတ်ဆေးဘူးများကို အဖွဲ့တိုင်း ထားရှိသုံးစွဲ စေရေးအတွက် လိုက်လံကြည့်ရှု စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ် ၂၀၁၇ ခုနှစ်တွင် ဆုကြေးများ စတင်တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ညမီးကြီး၊ စိန်နားပန်နှင့် နေ့လွှတ်အရုပ်များကို ဆုကြေးငွေ စုစုပေါင်း ကျပ် ၆၃၁ သိန်းကိုးသောင်းချီးမြှင့်ကာ ၂၀၁၇ ခုနှစ်တွင် ဆုကြေး ကျပ် ၇၀၉ သိန်း ကိုးသောင်းကျပ် ချီးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစာရင်းအရ ညမီးကြီးတွင် ပထမကျပ်သိန်း ၆၀ အစား ၆၅ သိန်း၊ ယခင်နှစ်ကထက် ငါးသိန်းစီ ပိုများလာပြီး စိန်နားပန် အမျိုးအစားတွင် နှစ်သိန်းစီပိုများလာကာ အရုပ်အုပ်စုတွင် တစ်သိန်းစီ၊ ခြေလေးချောင်းတွင် တစ်သိန်းခွဲစီ၊ ခြေနှစ်ချောင်းတွင် တစ်သိန်းစီ ပိုများလာခြင်း ဖြစ်ကြောင်း သိရသည်။