ကျောက်မဲမြို့တွင် ဒုရဲမှူးတစ်ဦး လိုက်ပါလာသော မော်တော်ယာဉ်ပေါ်မှ မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

ကျောက်မဲမြို့တွင် ဒုရဲမှူးတစ်ဦး လိုက်ပါလာသော မော်တော်ယာဉ်ပေါ်မှ မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ
Published 13 September 2018

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ အော်ရီရမ်တယ်တိုးဂိတ်တွင် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက ဒုရဲမှူးတစ်ဦး လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ် အိုရီယမ်တယ်တိုးဂိတ်တွင် ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့သည် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် စက်တင်ဘာ ၁၀ ရက် ညနေ ၆ နာရီခန့်က သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ တာမိုးညဲပြည်သူ့စစ်အဖွဲ့မှ သောင်းဝေမောင်းနှင်လာပြီး မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒုရဲမှူး မိုးမြင့်နိုင် လိုက်ပါလာသည့် ပါဂျဲရိုး (ဖြူ/ကြား) လိုင်စင် (စိစစ်ဆဲ) ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ အိုက်(စ်) ဟုထင်ရသော အဖြူရောင်အမှုန့် ၀ ဒသမ ၂၅ ဂရမ် ခန့်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွ မူးယစ်ဆေးပြားနှစ်ပြား စုစုပေါင်းအလေးချိန် ၀ ဒသမ ၁၈ ဂရမ်ခန့်၊ အညိုရောင်အစေး သုတ်လိမ်းထားသော ခတ်ခူးဟုယူဆရသည့် အခဲတစ်ခု ၀ ဒသမ ၄ ဂရမ်ခန့်၊ ရောင်စုံ ကော်ပိုက်လေးချောင်း၊ ခဲပြားဘူးပန်းရောင် တစ်ဘူး၊ ခဲပြားဘူး အပြာရောင်တစ်ဘူး၊ သုံးလက်စ ခဲလိပ်တစ်လိပ်၊ အနက်ရောင်တိပ်များ ပတ်ထားသော ပုလင်းတစ်လုံး၊ အဖြူရောင် လေးထောင့်ကော်ခွက်တစ်ခွက်၊ HIGH-Power စာတန်းပါ ကော်ဘူးတစ်ဘူး၊ မော်ဒယ်နံပါတ် CTU-KKW,32-LR ဂျာမန်နိင်ငံထုတ် ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်ငါးတောင့်၊ ၎င်းကျည်အိမ်တစ်ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဒုရဲမှူးမိုးမြင့်နိုင်နှင့် ယာဉ်မောင်းသောင်းဝေတို့နှစ်ဦးအား အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။