နယ်စပ်ဝင်ပေါက် ထွက်ပေါက်များကို အပြည့်အ၀ ထိန်းချုပ်ရန် ခက်ခဲသည့်အတွက် ကုန်တင်ကားများအား တစ်စီးလုံး စစ်ဆေးနိုင်မည့် X Ray စက်များ တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိဟု ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား

နယ်စပ်ဝင်ပေါက် ထွက်ပေါက်များကို အပြည့်အ၀ ထိန်းချုပ်ရန် ခက်ခဲသည့်အတွက် ကုန်တင်ကားများအား တစ်စီးလုံး စစ်ဆေးနိုင်မည့် X Ray စက်များ တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိဟု ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား
Published 13 September 2018

နယ်စပ်ဝင်ပေါက် ထွက်ပေါက်များကို အပြည့်အ၀ ထိန်းချုပ်ရန် ခက်ခဲသည့်အတွက် ကုန်တင်ကားများအား တစ်စီးလုံး စစ်ဆေးနိုင်မည့် X Ray စက်များ တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

နေပြည်တော်၌ စက်တင်ဘာ ၁၂ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ယခုအခါတွင် ရာဘခေါ် စိတ်ကြွမူးယစ်ဆေးပြားများကို မြန်မာနိုင်ငံ၏ နေရာဒေသ အနှံ့အပြားတွင် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သော အခြေအနေဖြစ်အောင် ဖန်တီးလုပ်ဆောင်လာကြခြင်းများအား ထိရောက်စွာ တားဆီးနှိမ်နင်းရန်အတွက် စီမံဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိမေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တပ်ဖွဲ့တွေကို စွမ်းရည်မြှင့်တင်ပေးခြင်း၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်ပေးခြင်းတွေ ဆောင်ရွက်ပေးခဲ့သော်လည်း ကုန်တင်ကားကြီးတွေ၊ ဆီဘောက်ဆာကားတွေနဲ့ လူနာတင်ယာဉ်တွေနဲ့ သယ်ဆောင်ခြင်းများ ရှိခဲ့တဲ့အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် ကုန်ပစ္စည်းများအားလုံး ချရွေ့စစ်ဆေးရန် အခက်အခဲ ရှိလာပါတယ်။ အဲဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် မော်တော်ယာဉ်တွေရဲ့ ဘန်ပါ၊ အိတ်ဇော၊ တံခါး၊ ဒက်ရှ်ဘုတ်၊ ထိုင်ခုံ၊ တာယာနဲ့ ကြမ်းခင်းတို့ကို စစ်ဆေးနိုင်တဲ့ တစ်လက်မ (၂ မီလီမီတာ) ဒုအား ဖောက်ထွင်းစစ်ဆေးနိုင်တဲ့ ခေတ်မီလက်ကိုင် စစ်ဆေးရှာဖွေရေး ကိရိယာ ခုနစ်ခုကို မူးယစ်ဆေးဝါး သယ်ဆောင်ရေးလမ်းကြောင်းပေါ်ရှိ စစ်ဆေးရေးစခန်းတွေမှာ ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းမှ စတင်ပြီး တပ်ဆင် အသုံးပြုလျက် ရှိပါတယ်။ ထို့ပြင် ကုန်တင်ကားကြီးတွေကို တစ်စီးလုံး စစ်ဆေးနိုင်တဲ့ X Ray စက်ကြီးတွေကိုလည်း တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၆ ခုနှစ် ဇူလိုင် ၄ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကယ်ရေးဗဟိုအဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ နေပြည်တော် တိုင်းဒေသကြီး ပြည်နယ်ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီးကာကယ်ရေးအဖွဲ့များအား ဖွဲ့စည်းပြီး တာဝန်သတ်မှတ်ကာ အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် နယ်မြေဒေသ အခြေအနေ လိုအပ်ချက်အရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကိုလည်း ၂၀၁၃ ခုနှစ်က စတင်ပြီး ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် စစ်ဆင်ရေးပေါင်း ၂၂ ကြိမ် ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချနိုင်မှ မူးယစ်ဆေးဝါးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မှာ ဖြစ်တဲ့အပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပီကာဆာ ဓာတုပစ္စည်းများအပြင် ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ (ထုပ်ပိုးမှုများ) ပါမကျန် နယ်စပ်ဝင်ပေါက်များက ဝင်ရောက်လျက်ရှိတာကို တပ်မတော်၊ နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်မှာ ပီကာဆာနဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ အမြောက်အများ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိမှု ၂၇ မှု ရှိခဲ့သဖြင့် တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း နှစ်သိန်းကျော်ရှိကြောင်း တွေ့ရှိရပါတယ်။ အဆိုပါ ပီကာဆာတွေကို အသုံးပြုပြီး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ပါက စိတ်ကြွဆေးပြား သန်း ၁၅၀ ခန့်နှင့် ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ ဘိန်း၂ ဒသမ ၄၃ တန်အား အဆိုပါ ပီကာဆာများနဲ့ ထုတ်လုပ်မယ်ဆိုပါက ဘိန်းဖြူ ၂၅၀ ကီလိုဂရမ်ခန့် ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိရပါတယ်။ အဲဒီဆောင်ရွက်နိုင်မှုကို ကျွန်တော်တို့အနေနဲ့ ကြိုတင်တားဆီးနိုင်တာ ဖြစ်ပါတယ်။ ဆေးဝါးထုတ်လုပ်မှု သယ်ဆောင်ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ သုံးစွဲမှုတွေဟာ တစ်ခုနှင့်တစ်ခု ပတ်သက်ဆက်နွှယ်နေတာ ဖြစ်တဲ့အတွက် နည်းလမ်းပေါင်းစုံ အသုံးပြု၍ ချဉ်းကပ်ပြီး လျော့နည်းကျဆင်းအောင် ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ ဖမ်းဆီးရမိမှု ဖြစ်စဉ်များနဲ့ စစ်ဆေး ဖော်ထုတ်ချက်များအပေါ် အခြေခံ၍ မူးယစ်ဆေးဝါး (ပြောင်းလဲ) သယ်ဆောင်တဲ့ လမ်းကြောင်းများကို လေ့လာသုံးသပ်ပြီး ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှာ မူးယစ်ဆေးဝါးများ၊ ပီကာဆာတွေကို ယခင်ကထက် ပိုမိုထိရောက်စွာ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

ပီကာဆာ (Precursor) များကို ယခင်ကထက် ပိုမိုထိရောက်စွာ ဖမ်းဆီးနိုင်သည့်အပြင် မူးယစ်ဆေးဝါး ဓာတုပစ္စည်းများ ဓာတ်ခွဲခန်း၊ ပစ္စည်းများထိန်းချုပ်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင် MoU အဖွဲ့ဝင် နိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပြင် ရန်ကုန်မြို့ အခြေစိုက်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် နယ်စပ်ဝင်ပေါက်ထွက်ပေါက်များကို အပြည့်အ၀ ထိန်းချုပ်ရန် ခက်ခဲသည့်အတွက် ပီကာဆာများ ဝင်ရောက်မှုကို အပြည့်အ၀ မထိန်းချုပ်နိုင်သဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးမှာလည်း စိန်ခေါ်မှုတွေ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း ၎င်းကပြောကြားသည်။

ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ (UNODC) ၏ အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ၅၅၅၀၀ ဟက်တာရှိရာမှ ၂၀၁၇ ခုနှစ်မှာ ၄၁၀၀၀ ဟက်တာ အထိ ကျဆင်းလာခဲ့ကြောင်း၊ ဘိန်းစိုက်ပျိုးမှု လျော့ကျမှုအရ ဘိန်းထုတ်လုပ်မှုမှာလည်း ၂၀၁၅ ခုနှစ်တွင် ၆၄၇ မက်ထရစ်တန်ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၅၅၀ မက်ထရစ်တန်သို့ ကျဆင်းခဲ့သည်ကို တွေ့ရကြောင်း၊ ထိုသို့ စိုက်ပျိုးမှု လျော့ကျလာသည့်အပြင် စိုက်ပျိုးထားသည့် ဘိန်းခင်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်းပြီး ဖျက်ဆီးခဲ့ရာတွင် ၂၀၁၇-၂၀၁၈ ဘိန်းစိုက်ရာ သီကာလအတွင်း ဘိန်းစိုက်ခင်း ၆၄၃၁ ဒသမ ၅၄ ဧကကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ဘိန်းစိုက်ပျိုးမှု လျော့နည်းကျဆင်းရေးအတွက် ဘိန်းမျိုးစေ့သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းများကို အုပ်ချုပ်မှုနည်းစနစ်နှင့် ထိန်းချုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပေးပို့တိုင်ကြားလာသည့် သတင်းများနှင့် ၂၀၁၈ စက်တင်ဘာ ၁၀ ရက်ထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၂၃၂ မှုနှင့် တရားခံ ၃၅၇ ဦးကို ဖမ်းဆီးရမိကာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ နိုင်ငံတော်သမ္မတရုံး၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် စုံစမ်းဖမ်းဆီးမှုများအပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အစီအစဉ်ဖြင့် စုံစမ်းဖော်ထုတ် ဖမ်းဆီးခြင်း အထူးစစ်ဆင်ရေးများ ဆောင်ရွက်ခြင်းတို့ဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၂၀၀၈ ခုနှစ်တွင် အမှုပေါင်း ၂၄၃၁ မှု၊ တရားခံပေါင်း ၃၇၇၃ ဦး ဖမ်းဆီးခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၉၅၄၄ မှု၊ တရားခံပေါင်း ၁၄၀၀၀ အထိ နှစ်စဉ်တိုးတက် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊၂၀၁၈ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာ ၁၀ ရက်အထိ အမှုပေါင်း ၈၇၇၅ မှု တရားခံ ၁၂၅၇၇ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိမှု မူးယစ်ဆေးဝါးများမှာ ဘိန်း ၂၄၂၆ ဒသ မ ၆၂ ကီလို၊ ဘိန်းဖြူ ၇၂၇ ဒသမ ၅၈ ကီလို၊ အိုက်စ် ၂၄၈၅ ဒသမ ၉၆ ကီလို၊ စိတ်ကြွဆေးပြား ၈၂ ဒသမ ၁၉ သန်း၊ ဆေးခြောက် ၉၀ ဒသမ ၅၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း စိတ်ကြွဆေးပြား တစ်သန်းအထက် ဖမ်းဆီးရမိမှု ၁၀ မှုရှိခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင် မဘိန်းမြို့နယ် လဝါကျေးရွာမှာ စိတ်ကြွဆေးပြား ၃ ဒသမ ၃ သန်းနှင့် ဘိန်းဖြူ ၃ ဒသမ ၄၂ ကီလိုအား တပ်မတော်မှ ဖမ်းဆီးရမိခဲ့ပြီး တပ်မတော်၊ တိုင်းဒေသကြီးပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ကျန်အမှုကိုးမှုတွင် စိတ်ကြွဆေးပြား ၅၂ ဒသမ ၇၈ သန်းကျော်ကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။