ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး ရန်ကုန်မြို့တွင် စတင်ကျင်းပ

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး ရန်ကုန်မြို့တွင် စတင်ကျင်းပ
Published 13 September 2018

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး ပြုလုပ်စဉ် (ဓာတ်ပုံ- ကြည်နိုင်)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်ကြာ ပြုလုပ်လျက်ရှိပြီး အစည်းအဝေး ပထမနေ့တွင် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးနှင့် ဒုတိယဥက္ကဋ္ဌ (၂) ဦးစိုင်းမျိုးသန့်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ကျွန်တော်တို့ အလွန်သိမ်မွေ့ ခက်ခဲနက်နဲတဲ့အတွက် JMC လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သူတွေအနေနဲ့ ရှောင်ကြဉ်ရမယ့် အချက်တွေ၊ ထိလွယ် ရှလွယ်ဖြစ်စေမယ့် စကားလုံး အသုံးအနှုန်းတွေ၊ ကိုယ်ဟန်အမူအရာတွေကို ကျွန်တော်တို့ ထိန်းသိမ်း ရှောင်ရှားပြီးတော့မှ အမှန်တကယ် ငြိမ်းချမ်းရေး ရရှိစေလိုတဲ့ ဆန္ဒအမှန်နဲ့ ပူးပေါင်း ဆောင်ရွက်သွားကြဖို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်” ဟု JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက အဖွင့်အမှာစကား ပြောကြားရာတွင် “မြေပြင်မှာ လက်နက်ကိုင် ထိတွေ့မှုဖြစ်တိုင်း အတိဒုက္ခရောက်နေတဲ့ သူတွေကတော့ ဒေသခံပြည်သူတွေဖြစ်လို့ မြေပြင်မှာ တိုက်ပွဲတွေ မပေါ်ပေါက်အောင် နှစ်ဖက်လက်နက်ကိုင်တပ်များက ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ပဋိပက္ခတွေ ဖြစ်ပေါ်လာတိုင်း တစ်ဦးအပေါ်တစ်ဦး ပြစ်တင်ရှုတ်ချခြင်းဟာလည်း ပြဿနာရဲ့ အဖြေ မဟုတ်သလို ပြဿနာကို ပိုမိုကြီးထွားစေပြီး ရန်လိုစိတ်၊ မုန်းတီးစိတ်တွေကိုပဲ တိုးပွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြဿနာ အရင်းအမြစ်တွေကို စေတနာမှန်မှန်ဖြင့် ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ် ထောက်ပြနိုင်တဲ့ အလွတ်သဘော ဆွေးနွေးမှုများကိုလည်း မကြာခဏ လုပ်နိုင်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်” ဟု ပြောကြားသည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌ(၂) ဦးစိုင်းမျိုးသန့်က “အခု ကျွန်တော်တို့ JMC ရဲ့ Union Level၊ State Level ဖွဲ့စည်းပြီးတော့မှ နောက်ဆုံး ကျွန်တော်တို့ LCM လို့ခေါ်တဲ့ Local Civilian Monitors တွေကို ဆက်လက်ဖွဲ့စည်းဖို့ စီစဉ်ဆောင်ရွက်နေပါပြီ။ အဲဒီ LCM ကနေပြီးတော့မှ ကျွန်တော်တို့ လူမှုအဖွဲ့အစည်း၊ လူမှုအသင်းအဖွဲ့တွေ အားလုံးကနေ ပူးပေါင်းပါဝင်ပြီးတော့မှ ကျွန်တော်တို့ JMC ယန္တရားကြီးကို ပိုမိုသွက်လက် မြန်ဆန်စွာ လည်ပတ်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယခုအစည်းအဝေးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါရှိသည့် ဝေါဟာရများအနက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း (မူကြမ်း) အား ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ် (မူကြမ်း) အရ သိရသည်။

ထို့ပြင် ပြည်ပနိုင်ငံ ငြိမ်းချမ်းရေး လေ့လာရေးခရီးစဉ်များဖြစ်သည့် နော်ဝေနိုင်ငံ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ လေ့လာရေး ခရီးစဉ်၊ နီပေါနိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာရေးခရီးစဉ်နှင့် ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာရေးခရီးစဉ်များကို တင်ပြ ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း အစည်းအဝေး အစီအစဉ် (မူကြမ်း) အရ သိရသည်။

Most Read

Most Recent