ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စွဲချက်တင် အမိန့်ချ

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စွဲချက်တင် အမိန့်ချ
Published 11 September 2018

ဒေါက်တာအေးမောင်တို့အား စက်တင်ဘာ ၁၀ ရက်က ရုံးထုတ်လာစဉ်(ဓာတ်ပုံ-သန်းလှိုင်)

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စစ်တွေခရိုင် တရားရုံးက စက်တင်ဘာ ၁၀ ရက်တွင် စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းအမှုတွင် ပုဒ်မ ၁၇(၁)အား အပြီးသတ် လွတ်မြောက်ခွင့်ရခဲ့ပြီး အမြင့်ဆုံး ပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော် သစ္စာဖောက်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်လိုက်ကြောင်းဖြစ်ကာ စက်တင်ဘာ ၁၄ ရက် ရုံးချိန်းတွင် ဒေါက်တာအေးမောင်တို့အား ပြန်လည် စိစစ်မည် ဖြစ်ကြောင်းလည်း ရှေ့နေများထံမှ သိရသည်။

“ဒီလိုစွဲချက်အမိန့်နဲ့ ပတ်သက်လို့ ပြောပြရရင် ဒေါက်တာအေးမောင်က နိုင်ငံရေးသမားလည်း ဖြစ်တယ်၊ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တယ်။း ငြိမ်းချမ်းရေးညီလာခံမှာလည်း တက်ရောက်နေသူ တစ်ဦးဖြစ်တယ်။ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တယ်ဆိုတော့ အခု ပင်လုံမှာ သွားနေကြတာလည်း ဖက်ဒရယ်ကို သွားနေကြတာဖြစ်တယ်။ ဒေါက်တာအေးမောင် ပြောခဲ့တာလည်း ဖက်ဒရယ်အကြောင်း ပြောခဲ့တာဖြစ်တယ်။ နိုင်ငံရေးသမားက နိုင်ငံရေး စကားပြောတာကို ဆူပူအုံကြွအောင် လုပ်တယ်လို့ဆိုရင်တော့ ဥပဒေအရ မညီလို့ပြောရမှာ ဖြစ်တယ်။ နောက်ပြီး အခု စွဲချက်တင်တဲ့ ၁၂၂ (၁) ဆိုတာဟာ နိုင်ငံတော် သစ္စာဖောက်၊ ပုန်ကန်မှုနဲ့ စွဲချက်တင်တယ်။ တကယ်တော့ ဒေါက်တာ အေးမောင်တို့က နိုင်ငံတော်သစ္စာဖောက်မှု လုပ်တာမတွေ့ရဘူး။ ဒီအစိုးရ မှားနေတယ်ဆိုရင် နောက် အစိုးရတစ်ခု ပေါ်လာဖို့ကတော့ လူတိုင်းပြောကြတာပဲလေ။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ပြောတာဟာ ဖက်ဒရယ်မူအတိုင်း သွားဖို့ ပြောနေတာ ဖြစ်တယ်။ ဒါကြောင့် ဒေါက်တာအေးမောင်အနေနဲ့ ၁၂၂(၁)ကို ငြိစွန်းမှုမရှိဘူးလို့ ပြောချင်တယ်။ စွဲချက်တင်တာ မှားနေတယ်လို့ ကျွန်တော်တို့ဘက်က သုံးသပ်နိုင်တယ်ပေါ့” ဟု ဒေါက်တာအေးမောင်ဘက်မှ လိုက်ပါဆောင်ရွက် နေသည့် ရှေ့နေဦးကျော်ညွန့်မောင်က ပြော ကြားသည်။

အမှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၄ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ပြီး အမှုနှင့် ပတ်သက်ပြီး ဆက်လက်စစ်ဆေးမည်ဖြစ် ကြောင်း ရှေ့နေ ဦးကျော်ညွန့်မောင်က ဆက် လက်ပြောကြားသည်။

ယင်းနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်က “နှစ်မှုလုံးကို ကျွန်တော်တို့ရှင်းမယ်၊ အခမ်းအနားကလည်း ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ကျင်းပလာခဲ့တဲ့ အခမ်းအနား၊ ကျွန်တော်တို့ကလည်း သဘောရိုးလေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်မယ့် ပြည်သူ့အစိုးရ၊ ဒီလောက်လေးတော့ ပွင့်ပွင့်လင်းလင်း၊ နိုင်ငံရေးသမား တစ်ယောက်၊ လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ ပြောခွင့်ဆိုခွင့်လေးပေါ့။ ပြည်ထောင်စုကို ပြန်တည်ဆောက်တဲ့ကာလမှာ အပေးအယူလေး ရှိမယ်လို့ထင်ပြီး ပြောကြဆိုကြတဲ့အခါမှာ ဦးသိန်းစိန်အစိုးရထက် တင်းမာနေပါလား ဆိုတဲ့ မှတ်ချက်လေးတွေ တွေ့လာတယ်။ ဦးသိန်းစိန်အစိုးရက တော်တော် လိမ်မာမယ်။ ကျွန်တော်တို့မြင်တာက ဖက်ဒ ရယ် ဒီမိုကရေစီဘက်ကို ပထမဆုံး ပြောင်း တဲ့အစိုးရ၊ သူအများကြီးလုပ်ပေးခဲ့တာရှိ တယ်၊ လစဉ်လစဉ် မိဘပြည်သူများ ခင်ဗျာ လို့ နိုင်ငံရဲ့လက်ရှိဖြစ်ပျက်နေတဲ့ဟာ အကုန် လုံးကို ရှင်းပြခဲ့တယ်။ ကျွန်တော်တို့ကို နိုင်တဲ့ အဖွဲ့အစည်းရှိတယ်။ အဲဒီအဖွဲ့အစည်းကို နိုင်တဲ့အဖွဲ့အစည်းတွေ ရှိတတ်တယ်။ အဲဒါ ဟာ ဓမ္မတာပဲ။ ဓားမိုးတဲ့ခေတ်က ဒီမိုကရေစီ ခေတ်ကိုလိုချင်ကြတာ။ အဲဒီတော့ ကျွန် တော်တို့မှာ ဆင်ခြင်တုံတရားလိုတာပေါ့။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသလို ပေါ့။ “ကြီးတဲ့အမှုကို ငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေ” အဲဒါကျွန်တော် လက်ခံတယ်၊ ကျွန်တော်တို့ ပြည်တွင်းမှာကျတော့ ကြီးတဲ့ အမှုကိုပိုကြီးအောင် လုပ်တယ်လို့မြင်တယ်။ ဘယ်လိုလုပ်ပြီး အမျိုးသားရင်ကြားစေ့ရေး ကိုသွားမှာလဲ၊ ဦးသိန်းစိန် အစိုးရလက်ထက် က ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေအားလုံး ဝန်ကြီးအငြိမ်းစားတွေဗျ၊ နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်ခဲ့တယ်။ ကျွန်တော်ပြောခဲ့တာ ကတော့ ဦးညီပုတို့ ဒေါ်အောင်ဆန်းစုကြည် ကို တင်ပြတဲ့ စာသားတွေနဲ့ မတူဘူး။ ဦးညီပု သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့စာသားတွေနဲ့ မတူဘူး။ ကျွန်တော်တို့ အသံစာသားကို စစ်တဲ့ အခါမှာလည်း မတူဘူး၊ စွဲချက်ကိုတော့ ပြန်ရှင်းရမှာပေါ့လေ။ ကျွန်တော်တစ်ခု စိုးရိမ်တာက နိုင်ငံတော်သမ္မကို တင်တဲ့အမှု တွေမို့လို့ ဦးတိုက်လျှောက်ထားတဲ့ အမှုတွေ မို့လို စွဲချက်တင်ရသလား။ အဲဒီလိုဆိုရင် လွတ်လပ်တဲ့ တရားစီရင်ရေးအပေါ်မှာ လူထု က သံသယဝင်တော့မှာ၊ လွပ်လပ်မှု ဖြစ်စေချင်တယ်။ လွတ်လပ်တဲ့ တရားစီရင်မှုဖြစ် စေချင်တယ်။ လိုရင်းကတော့ ၁၂၂ ဆိုတာ နိုင်ငံတော်ကို စစ်မက်ပြိုင်တဲ့သဘောပေါ့။ ကျွန်တော်တို့မှာ သွားကြားထိုးတံ တစ်ချောင်းတောင် မပါဘူး။ ဒီလောက်လေးတော့ နိုင်ငံရေးသမားတစ်ယောက်၊ လွှတ်တော်အမတ် တစ်ယောက် ပြောခွင့်ဆိုခွင့် ရသင့်တယ်။ ဦးသိန်းစိန်အစိုးရထက် တင်းမာနေပါလားဆိုတဲ့ မှတ်ချက်တွေ ဖြစ်လာတယ်” ဟု ရုံးထုတ်လာစဉ် သတင်းထောက်များအား ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အမှု စွဲချက်တင်၊ မတင် ဆုံးဖြတ်မည့် ရုံးချိန်းသို့ လာရောက်သူ ၂၀၀ ဝန်း ကျင်ခန့်ရှိပြီးလုံခြုံရေးကိုလည်း ယခင်နေ့များထက် ပိုမိုများပြားခဲ့သည်ကို တွေ့ရသည်။

စာရေးဆရာ ဝေဟင်အောင်ကလည်း “အမှန်ဆိုရင် ၁၉၇၃ အရဆိုရင် စွဲချက်က တစ်ခုတည်း တင်ရမှာဖြစ်တယ်။ အခုက နှစ်ခု တောင်တင်တယ်” ဟု ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ် မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုဖြင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ)၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇(၁)တို့ဖြင့် တရားစွဲဆိုခဲ့ကာ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင် အား နေအိမ်မှ ခေါ်ယူဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်က ဒေါက်တာအေးမောင်အား စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးခံခဲ့သည်။

Most Read

Most Recent