ဖုယွင် အလုပ်သမားများ အလုပ်ထုတ်ခံရသည့်ကိစ္စ အစိုးရက တစ်ပတ်အတွင်း မဖြေရှင်းပေးလျှင် ဖြစ်လာမည့် အကျိုးဆက်သည် အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ပြောကြား

ဖုယွင် အလုပ်သမားများ အလုပ်ထုတ်ခံရသည့်ကိစ္စ အစိုးရက တစ်ပတ်အတွင်း မဖြေရှင်းပေးလျှင် ဖြစ်လာမည့် အကျိုးဆက်သည် အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ပြောကြား
Published 11 September 2018

ဖုယွင် အလုပ်သမားများ အလုပ်ထုတ်ခံရသည့်ကိစ္စအား အစိုးရက တစ်ပတ်အတွင်း မဖြေရှင်းပေးလျှင် ဖြစ်လာမည့် အကျိုးဆက်သည် အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင်က ပြောကြားသည်။

ယင်းပြောကြားချက်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန် (၁) ရှိ ဖုယွင် အထည်ချုပ်စက်ရုံရှေ့တွင် ဖုယွင် သပိတ်မှောက် အလုပ်သမားများနှင့် နိုင်ငံရေး အင်အားစုများက စက်တင်ဘာ ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆန္ဒပြ အလုပ်သမားခေါင်းဆောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခု သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ။ ရက်တွေကလည်း ကြာလာပြီ။ အစိုးရတစ်ရပ်အနေနဲ့ တစ်ပတ်အတွင်းမှာ ဖြေရှင်း မပေးဘူးဆိုရင် ဖြစ်လာသမျှ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အစိုးရက တာဝန်ယူရပါလိမ့်မယ်လို့ ကြေညာပါတယ်။ တစ်ပတ် အတောအတွင်းမှာ ဒီဟာကို ပြေလည်အောင် မဖြေရှင်းပေးဘူးဆိုရင် ကျွန်မတို့မှာ လုပ်စရာအစီအစဉ်တွေ အများကြီးရှိပါတယ်။ ကျွန်မတို့ အလုပ်သမားတွေသည် ဥပဒေ ချိုးဖောက်ပြီး လုပ်တာ မဟုတ်တဲ့အတွက် ဒီတိုက်ပွဲကို မနိုင်နိုင်အောင် တိုက်ပွဲဝင်သွားမှာပါ” ဟု ဖုယွင် ဆန္ဒပြ အလုပ်သမားခေါင်းဆောင် မသက်ထားဆွေက ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် ဖုယွင် ဆန္ဒပြအလုပ်သမားများ ဆန္ဒပြရသည့် အကြောင်းရင်းများ၊ ဆန္ဒပြနေစဉ် ဖြစ်ပေါ်ခဲ့သည့် အခက်အခဲများ၊ စက်ရုံ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဖျန်ဖြေခဲ့သော်လည်း ပြေလည်မှု မရခဲ့သည့် အကြောင်းရင်းများကို ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖုယွင်စက်ရုံရှိ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ အပါအဝင် အလုပ်သမား ၃၀ ကို သြဂုတ် ၂၁ ရက်တွင် စက်ရုံဘက်က လူအင်အား လျှော့ချသည်ဟူ၍ အကြောင်းပြချက်ဖြင့် အလုပ်ထုတ်ခဲ့သဖြင့် အလုပ်သမား ၃၀၀ ခန့်သည် စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြရခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများ စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေသည်မှာ ၂၁ ရက် ရှိပြီဖြစ်ပြီး စက်ရုံတာဝန်ရှိသူများနှင့် လေးကြိမ် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရခဲ့ကြောင်း သိရသည်။ ဖုယွင် ဆန္ဒပြအလုပ်သမားများသည် အလုပ်ထုတ်ခံရသူများကို အလုပ်ပြန်အပ်ရေး အပါအဝင် အချက်ကိုးချက်ကို တောင်းဆိုထားပြီး ဥပဒေပါ အခွင့်အရေးများ တောင်းဆိုခြင်း ဖြစ်သည့်အတွက် မရမချင်း တောင်းဆိုသွားမည်ဟု အလုပ်သမားများက ဆိုသည်။