ရန်ကင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်က ပရဟိတ ခွေးဂေဟာပိုင်ရှင်ကို ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည့်အမှု လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့် မတင်သင့် အမိန့်ချမည်

ရန်ကင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်က ပရဟိတ ခွေးဂေဟာပိုင်ရှင်ကို ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည့်အမှု လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့် မတင်သင့် အမိန့်ချမည်
Published 11 September 2018

ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က ပရဟိတ ခွေးဂေဟာ တည်ထောင်ထားသည့် ဒေါ်မြတ်သက်မွန်အား ရန်ကင်းမြို့နယ် တရားရုံး၌ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲထားခြင်းနှင့် ပတ်သက်၍ စက်တင်ဘာ ၁၉ ရက် ရုံးချိန်းတွင် စွဲချက်တင်သင့် မတင်သင့် အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။

“ ဒီနေ့ကတော့ ၆၆ (ဃ) အတွက် လျှောက်လဲချက် ပေးတယ်။ ပုဒ်မ ၅၀၀ ရဲ့ လျှောက်လဲချက်ကတော့ အရင်ရှေ့နေက ပေးပြီးသွားပြီ။ ၆၆ (ဃ) ကိုတော့ ရှေ့နေအသစ် ပြောင်းထားတယ်။ လာမယ့် ၁၉ ရက်နေ့ ရုံးချိန်းကျရင် ၆၆ (ဃ) အတွက်ကို စွဲချက်တင်သင့် မတင်သင့် တရားရုံးက အမိန့်ချမှာပါ”ဟု စွပ်စွဲခံရသူ ဒေါ်မြတ်သက်မွန်က ပြောကြားသည်။

ပရဟိတခွေးဂေဟာ တည်ထောင်ထားသည့် ဒေါ်မြတ်သက်မွန်ကို ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နှင့် ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့ဖြင့် တရားလိုပြုလုပ်၍ ရန်ကင်းမြို့နယ် တရားရုံး၌ တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဒေါ်မြတ်သက်မွန်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် မေ ၃၁ ရက် ရုံးချိန်းတွင် ရန်ကင်းမြို့နယ် တရားသူကြီးက ဒေါ်မြတ်သက်မွန်အား ကျင့်ထုံးဥပဒေ ၄၉၇ (၁)အရ ကျပ် သိန်းသုံးရာတန် ခံဝန်ဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ်မှ တရားစွဲဆို ခံရသည့် ပရဟိတ ခွေးဂေဟာ တည်ထောင်သူ ဒေါ်မြတ်သက်မွန်သည် လွန်ခဲ့သည့် ခုနစ် နှစ်ခန့်ကစ၍ မမြသက်မွန် ဟုခေါ်သည့် မိန်းကလေးငယ်ကို အိမ်အကူအဖြစ် ခေါ်ထားခဲ့ကြောင်း၊၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် မြသက်မွန် (ခ) သက်သက်မှာ ပျောက်ဆုံးသွားသဖြင့် ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယင်းနေ့ မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁) ဒေါ်သီတာမောင်က စာထုတ် ဆင့်ခေါ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်ခဲ့ကြောင်း၊ ရုံးရောက်သောအခါ အိမ်အကူ မိန်းကလေးငယ်ကို နှိပ်စက်ကြောင်း၊ ထမင်းမကျွေးကြောင်း၊ လခမပေးကြောင်း ၎င်းကို ပြောကြားကြသည်ဟု ဒေါ်မြတ်သက်မွန်ထံမှ သိရသည်။

ယင်းသို့ ရုံးခန်းတွင် ပြောဆိုခဲ့သော အကြောင်းအရာများကို ဒေါ်မြတ်သက်မွန် က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က ပုဒ်မ ၆၆ (ဃ) ဖြင့် တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။