ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 11 September 2018

ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများနှင့် အစိုးရဝန်ကြီးဌာနများ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၀ ရက်က ပြုလုပ်စဉ်

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပြီး ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် စက်တင်ဘာ ၁၀ ရက်က ပြုလုပ်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသော အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ အဲဒီဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေထဲက တစ်ခုပေါ့။ ဒါကတော့ ဘာလဲဆိုတော့ တကယ်ပြည်သူ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ ရခိုင်ဒေသမှာရှိတဲ့ ပြည်သူပြည်သားတွေ အားလုံးပူးပေါင်း ပါဝင်မှရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရန်အတွက် စောင်ဆိုင်းနေရသည့် အချိန်တွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

နှစ်ရက်ကြာပြုလုပ်မည့် ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စများ ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးက “ရေရှည်ပဋိပက္ခ ကင်းဝေးဖို့ အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားတာနဲ့ ကျွန်တော်တို့ရရှိထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက နောက်ဆုတ်သွားမယ်၊ တန့်နေမယ် သို့မဟုတ် နောက်ဆုတ်သွားမယ်။ ရှေ့ဆက်တိုးဖို့ မလွယ်ပါဘူး” ဟု ပြောကြားသည်။

ဆက်လက်၍ “ဆွေးနွေးတဲ့အခါကျတော့ အချက်အလက်တွေ အများကြီး ထွက်ပေါ်လာတယ်။ အကောင်အထည်ဖော်မှု အပိုင်းမှာ နည်းနည်းလေးနှောင့်နှေးရတယ်။ အဟန့်အတားတွေ ရှိတယ်ဆိုတဲ့ ကိစ္စကတော့ ရှိတယ်။ ဒါတွေကျွန်တော်တို့ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဆွေးနွေးတဲ့အခါမှာ ဒီအခက်အခဲတွေကို ပေါ်ထွက်လာတာပေါ့။ စိန်ခေါ်မှုတွေ ပေါ်ထွက်လာတာပေါ့။ အဲ့ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ ဒီအစိုးရကနေပြီးတော့ ထပ်ပြီးတော့ ဆက်လက်ဆွေးနွေးလိုက်လို့ရှိရင် တဖြည်းဖြည်း ကျွန်တော်တို့ ကျော်လွှားနိုင်ပြီးတော့ အောင်မြင်တဲ့၊ ကျွန်တော်တို့ ဆွေးနွေးချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများအား ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုထားသည့်အတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရန် အဆင့်သင့် ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Most Read

Most Recent