ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကလေးမီးဖွားရာ ဆေးရုံဝန်ထမ်းများက ဂရုမစိုက်၍ ပြည်မြို့သို့ ရွှေ့ပြောင်းကုသရာ မိခင်ရောကလေးပါ သေဆုံးခဲ့ရသည်ဟုဆိုကာ သတင်းစာရှင်းလင်း

ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကလေးမီးဖွားရာ ဆေးရုံဝန်ထမ်းများက ဂရုမစိုက်၍ ပြည်မြို့သို့ ရွှေ့ပြောင်းကုသရာ မိခင်ရောကလေးပါ သေဆုံးခဲ့ရသည်ဟုဆိုကာ သတင်းစာရှင်းလင်း
Published 10 September 2018

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကလေးမွေးဖွားရာ ဆေးရုံဝန်ထမ်းများက ဂရုမစိုက်၍ ပြည်မြို့ဆေးရုံကြီးသို့ရွှေ့ပြောင်းကုသရာ မိခင်ရော ကလေးပါ သေဆုံးခဲ့ရသည်ဟုဆိုကာ ကာယကံရှင်များက သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီက ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် မိုးကြိုးပစ်ကုန်းလမ်းရှိ ကာယကံရှင်များ၏ နေအိမ်တွင် ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး မီးဖွားရာတွင် ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိသားစုဝင်များက ရှင်းလင်းပြောကြားခဲ့သည်။

“ဆေးရုံမှာ ဗိုက်အရမ်းနာနေလို့ မွေးတော့မှာမလို့ ဆရာမတွေကိုသွားခေါ်တော့ မြန်မာအိုက်ဒေါ ကြည့်နေတယ်။ ခေါင်းထွက်ပြီလား။ ခေါင်းထွက်မှ လာခေါ်ဆိုပြီး ပြောလွှတ်တယ် မရတဲ့အဆုံး ကူညီတဲ့လူတွေနဲ့ ပြည်ဆေးရုံကြီးကိုပြောင်းတော့ ရေမွှာက ပေါက်နေပြီ ဒီလောက်နောက်ကျရသလားဆိုပြီးပြောတယ် ခွဲမွေးတော့ကလေးက သေနေပြီ အမျိုးသမီးကလည်းနောက် ငါးရက်လောက်နေတော့ ဆုံးသွားတယ်”  ဟု ကာယကံရှင် ဦးဇော်မင်းဦးက ပြောကြားသည်။

အာထရာဆောင်းရိုက်စဉ်ကလေးငယ်မှာ တင်ပဆုံဖွားဖြစ်၍ ဓာတ်မှန်အား ဆေးရုံသို့ပို့ဆောင်ထားပြီး အဆိုပါ သြဂုတ် ၂ ရက်က ဆေးရုံတွင် ကလေးမီးဖွားချင်၍ မွေးလူနာအား လိုက်ကြည့်ရန် သူနာပြုများနှင့် တာဝန်ရှိသူများကို သွားရောက်ခေါ်ခဲ့သော်လည်း တီဗီကြည့်နေကြပြီး ယင်းသို့ပေါ့ဆမှုကြောင့် သေဆုံးရသည့်အတွက် အရေးယူပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီနေ့သတင်းစာရှင်းပွဲကိုတော့ ကျွန်တော့်ကို မဖိတ်ပါဘူး။ ဆေးရုံမှာ တီဗီဖွင့်ထားတာတော့ ဟုတ်ပါတယ်။ အရေးကြီးလူနာတွေရှိရင်တော့ ဘယ်သူမှ မကြည့်ရပါဘူး။ သူ့ကိုခွဲမွေးဖို့ လက်မှတ်ထိုးခိုင်းတယ်။ မထိုးလို့တော့ ခွဲမွေးပေးလို့မရဘူး။ ပြည်သွားမယ်ဆိုတာ့ ခွင့်ပြုပေးလိုက်ရတာ လက်မှတ်ထိုးလို့ ဒီမှာမွေးခဲ့ရင် ကလေးကော လူကြီးကော ဘာမှမဖြစ်နိုင်ဘူး” ဟု ရွှေတောင်မြို့ပြည်သူ့ ဆေးရုံကြီးနှင့် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်နိုင်က ပြောသည်။

အဆိုပါဆေးရုံကြီးမှာ ၂၅ ကုတင်ဆံ့ ဆေးရုံဖြစ်ကာ များသောအားဖြင့် ၉ မိုင်ခန့် သာဝေးသည့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ သာ သွားရောက်ကုသကြကြောင်း သိရသည်။