ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုမှု စုစုပေါင်း ၁၅၀ အထိရှိလာပြီး ဥပဒေပြင်ဆင်ပြီးနောက်ပိုင်း ၄၈ မှုရှိ

ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုမှု စုစုပေါင်း ၁၅၀ အထိရှိလာပြီး ဥပဒေပြင်ဆင်ပြီးနောက်ပိုင်း ၄၈ မှုရှိ
Published 10 September 2018

ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရား စွဲဆိုထားသော အမှုပေါင်း  ၁၅၀ အထိရှိလာ ပြီး အဆိုပါဥပဒေပြင်ဆင်ပြီးနောက် ၄၈ မှုထိရှိလာကြောင်း အသံ(လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့)ထံမှ သိရသည်။

အဆိုပါ တရားရုံးတင်ပြီး တရားစွဲဆိုထားသော အမှုများသည် စက်တင်ဘာ ၉ ရက်အထိ ကောက်ခံရရှိသော စာရင်းများအရ ဖြစ်သည်။

ဥပဒေပြင်ဆင်ပြီး နောက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှင့်ပတ်သက်၍ ကြားလူများက တရားစွဲဆိုသော အမှုများ မတွေ့ရှိရတော့ကြောင်း သိရသည်။

အဆိုပါအမှုများအနက် သတင်းမီဒီယာသမားများအပေါ် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှု ၁၉ မှုရှိပြီး တရားရင် ဆိုင်နေရသော သတင်းမီဒီယာသမား ၂၇ ဦးရှိကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်တွင် ယင်းဥပဒေဖြင့် တရားစွဲခံရမှု ၁၁ မှုရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် ဥပဒေမပြင်ဆင်ရ သေးချိန်၌ ၉၁ မှုရှိကာ ဥပဒေပြင်ဆင်ပြီးချိန်တွင် တရားစွဲခံရမှု ၄၈ မှုရှိကြောင်း အသံအဖွဲ့မှ သိရသည်။

ထို့ပြင် ဥပဒေပြင်ဆင်ပြီး တရားစွဲသည့် အမှုများအနက်မှ ၁၇ မှုသည် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရဝန်ထမ်းများက တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ယခင် ဆက်သွယ်ရေးဥပဒေတွင် ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ မလျော်သြဇာသုံးခြင်း ခုနစ်ချက်မှ ၂၀၁၇ ခုနှစ် သြဂုတ် ၂၇ ရက်က ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်တွင် လေးချက်အထိ လျှော့ချကာ  နိုင်ငံတော်သမ္မတက လက်မှတ်ထိုးအတည်ပြုခဲ့ပြီး ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းအချက်လေးချက်ဖြင့် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

ထိုသို့ ၂၀၁၇ ခုနှစ်တွင် ဆက်သွယ်ရေး ဥပဒေအား ပြင်ဆင်ပြဋ္ဌာန်းချက်တွင် ဖယ်ရှားလိုက်သည့်အချက် သုံးခုဖြစ်သော အနိုင့်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်းနှင့် မလျော်သြဇာသုံးခြင်းတို့ဖြင့် တိုင်ကြားသော အမှုဟူ၍ တစ်ခုမျှ ယခင်က မရှိခဲ့ကြောင်း၊ ဖယ်ရှားလိုက်သော အကြောင်းပြချက်သုံးခုနှင့် တိုင်ကြားသောအမှုဟူ၍ တစ်ခုမျှမရှိခဲ့ဘဲ ဥပဒေ ပြင်ဆင်ချက်သည် ပုဒ်မ ၆၆(ဃ) အသုံးပြုမှုအပေါ် ထိထိရောက်ရောက် သက်ရောက်ခြင်း မရှိကြောင်းနှင့်  ဥပဒေပြင်ဆင်ချက်နောက်ပိုင်းတွင်လည်း ၆၆(ဃ)ဖြင့် အမှုများ တိုင်ကြားနေဆဲဖြစ်ကြောင်း Free Expression Myanmar (လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ) မှ ဒီဇင်ဘာ ၁၁ ရက်တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ဒစ်ဂျစ်တယ်နည်းပညာ၊ မီဒီယာနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး အထူးဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းအဖွဲ့တစ်ခုပူးပေါင်းဖွဲ့စည်း၍ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆(ဃ) သည် မြန်မာ့ဒီမိုကရေစီအကူး အပြောင်းနှင့်အခြေခံကျကျကြီး ဆန့်ကျင် ကွဲလွဲနေသည့်အတွက် ယင်းပုဒ်မကို အပြီးတိုင်ဖျက်သိမ်းရေး NLD အစိုးရကို တိုက် တွန်းခဲ့သော်လည်း အစိုးရက ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းမည့်အစား ယင်းပုဒ်မပါအချက် အရေအတွက် လျှော့ချခဲ့ခြင်း၊ ထောင်ဒဏ်လျှော့ချခြင်း၊ အာမခံပေးနိုင်ချေကို တိုးမြှင့်ခြင်းနှင့် တတိယပုဂ္ဂိုလ် (သို့) ကြားလူမှတရား စွဲဆိုခြင်းကို ကန့်သတ်လိုက်ခြင်း စသည်တို့ အပါအဝင်အပြောင်းအလဲ အနည်းငယ်သာ ပြုလုပ်ခဲ့ကြောင်း Free Expression Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။