ဂျူဗင်တပ်စ်တွင် စီရော်နယ်လ်ဒို ဂိုးများစွာသွင်းနိုင်ရေးမှာ အသင်းဖော်များ၏ ပံ့ပိုးမှုနှင့် သက်ဆိုင်သည်ဟု ဆာရီဆို

ဂျူဗင်တပ်စ်တွင် စီရော်နယ်လ်ဒို ဂိုးများစွာသွင်းနိုင်ရေးမှာ အသင်းဖော်များ၏ ပံ့ပိုးမှုနှင့် သက်ဆိုင်သည်ဟု ဆာရီဆို
Published 9 September 2018

Photo: Getty Images

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ဂျူဗင်တပ်စ်အသင်းတွင် စီရော်နယ်လ်ဒိုအနေဖြင့် ဂိုးများစွာသွင်းနိုင်ရေးမှာ အသင်းဖော်များ၏ ထောက်ပံ့မှုနှင့် သက်ဆိုင်ကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ရီးယဲလ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရိုသန်း (၁၀၀)ဖြင့်ရောက်ရှိလာခဲ့သည့် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် စီးရီးအေတွင် ဂိုးရရန်ရုန်းကန်နေရသည်။

ချယ်လ်ဆီးနည်းပြ ဆာရီက စီရော်နယ်လ်ဒိုမှာ အီတလီတွင် အောင်မြင်ရန်အစွမ်းရှိသော်လည်း ရီးယဲလ်မက်ဒရစ်အသင်းမှာကဲ့သို့ ဂိုးများစွာရရှိရန်မူ ရုန်းကန်ရဖွယ်ရှိကြောင်းနှင့် ဂျူဗင်တပ်စ်အသင်းဖော်များမှာ ရီးယဲလ်ကစားသမားများကဲ့သို့ စီရော်နယ်လ်ဒိုကို ထောက်ပံ့မှုများ ပြုလုပ်နိုင်မည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။

Photo: Getty Images

ဆာရီက '' သီအိုရီပိုင်းအရဆိုရင်တော့ စီရော်နယ်လ်ဒိုဟာ အီတလီမှာ အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ ကစားသမားတစ်ယောက်အောင်မြင်ဖို့နဲ့ ဂိုးရရှိမှုတွေမှာ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုတွေက အရေးကြီးပါတယ်။ အီတလီမှာ စီရော်နယ်လ်ဒို အသားကျမကျစောင့်ကြည့်ရမှာပါ။ စီရော်နယ်လ်ဒိုအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေက ရီးယဲလ်မှာလို ဂိုးတွေအများကြီးရဖို့ဆိုရင်တော့ ဂျူဗင်တပ်စ်အသင်းဖော်တွေက သူ့ကိုထောက်ပံ့ပေးမှ ဖြစ်မှာပါ'' ဟုပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေပြိုင်ပွဲတွင် ပွဲစဉ် (၃)ပွဲစလုံး ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သော်လည်း ယခုအချိန်အထိဂိုးသွင်းနိုင်ခြင်းမရှိဘဲ ဖိအားများနှင့်ရင်ဆိုင်နေရသည်။

စီရော်နယ်လ်ဒိုသည် အဆိုပါပွဲစဉ် (၃)ပွဲတွင် ဂိုးပေါက်ကန်သွင်းမှု (၂၃)ကြိမ်အထိပြုလုပ်ခဲ့ပြီး ယင်းပမာဏမှာ ယခုရာသီဥရောပ ထိပ်တန်းလိဂ် (၅)ခုတွင် ကစားသမားတစ်ယောက်အတွက် အများဆုံးပမာဏဖြစ်ကြောင်းသိရသည်။