မန္တဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနတွင် ခန္ဓာကိုယ် လှူဒါန်းသူများကို ဂုဏ်ပြုသောအားဖြင့် ကမ္ပည်းရေးထိုး ဆောင်ရွက်မည်

မန္တဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနတွင် ခန္ဓာကိုယ် လှူဒါန်းသူများကို ဂုဏ်ပြုသောအားဖြင့် ကမ္ပည်းရေးထိုး ဆောင်ရွက်မည်
Published 9 September 2018

မန္တဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနတွင် ခန္ဓာကိုယ်လှူဒါန်းသူများ စာရင်းကို တွေ့ရစဉ်

ဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရာတွင် လက်တွေ့ အခြေခံဘာသာရပ် တစ်ခုဖြစ်သော ခန္ဓာဗေဒဘာသာရပ်ကို သင်ကြားရာ၌ အသုံးပြု လေ့လာရသော သင်ခန်းစာများအတွက် ရည်ရွယ်လှူဒါန်းသော ခန္ဓာကိုယ် အလှူရှင်များအား ဂုဏ်ပြုသောအားဖြင့် မန္တလေးဆေး တက္ကသိုလ် ခန္ဓာဗေဒဌာနတွင် အထိမ်းအမှတ်နံရံ ပြုလုပ်ကာ အမည်များကို ကမ္ပည်းရေးထိုး မှတ်တမ်းတင် သွားမည်ဖြစ်သည်။

လက်ရှိတွင် အထိမ်းအမှတ်နံရံအဖြစ် စတင်ပြုလုပ်ထားရှိနေပြီဖြစ်ပြီး ၂၀၁၃ ခုနှစ်မှစကာ ဆေးတက္ကသိုလ်သို့ ခန္ဓာကိုယ် လှူဒါန်းသည့် သူများအနက် ခန္ဓာကိုယ် ရရှိခဲ့သည့် အမည်များကို စကျင်ကျောက်တွင် အမည်ရေးထိုးကာ နှစ်အလိုက် ချိတ်ဆွဲဂုဏ်ပြုထားပြီး ၂၀၁၃ ခုနှစ် အရှေ့ပိုင်း အလှူရှင် အမည်စာရင်း များကိုလည်း ရှာဖွေပြုစု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီခန္ဓာကိုယ် အလှူရှင်တွေဆိုတာ အသက်မရှိပေမယ့် သင်ကြားရေးမှာ ဆရာတွေပါပဲ။ ဒါကြောင့် သူတို့ကို ဝိညာဉ်မဲ့ ဆရာအဖြစ် ဂုဏ်ပြုတာတွေ ပြုလုပ်သလို သင်ကြားတဲ့ အခါတိုင်းမှာလည်း သူတို့ကိုရည်ရွယ်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို မေတ္တာပို့ ဆုတောင်းတာတွေ ပြုလုပ်ရတယ်။ အဲဒီလိုပဲ ခန္ဓာကိုယ်တွေကို အသုံးပြု ကိုင်တွယ်တဲ့အခါ ကျင့်ဝတ်နဲ့အညီ ကိုယ်သင်ကြားမယ့် အပိုင်းကိုပဲ ကိုင်တွယ်ခွင့်ရှိပြီး ခွဲစိတ်ပြီးရင် သူ့နဂို ရှိပြီးသားအတိုင်း စနစ်တကျ ပြန်လုပ်ဆောင် ပေးရတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့စိတ်ထဲမှာ ဆရာများအဖြစ် အမြဲဂုဏ်ပြုနိုင်ဖို့ အထိမ်းအမှတ်နံရံ အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး လှလှပပ စနစ်တကျနဲ့ သပ်ရပ်မှုရှိဖို့ ထပ်လုပ်ဆောင်သွားမှာပါ။ အခုကတော့ နှစ်အလိုက် စကျင်ကျောက်ပေါ်မှာ နာမည်ရေးထိုးပြီး နံရံမှာ ချိတ်ဆွဲထားနိုင် ပါသေးတယ်” ဟု မန္တလေး ဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနမှ ပါမောက္ခ ဌာနမှူး ပါမောက္ခ ဒေါက်တာလဘန်ခွန်က ပြောကြားသည်။

ပြုလုပ်ထားသည့် အထိမ်းအမှတ်နံရံတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အလှူရှင် ဦးရေ ၈၀ ကျော်ရှိကြောင်း သိရသည်။

မန္တလေး ဆေးတက္ကသိုလ်သို့ ခန္ဓာကိုယ် လှူဒါန်းမှုမှာ တစ်နှစ်ထက်တစ်နှစ် များပြားလျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် ခန္ဓာကိုယ် လာရောက်ကြိုတင် လှူဒါန်းသည့် ဦးရေ ၇၀၀ ခန့်ရှိကြောင်းနှင့် Death Body ခန္ဓာကိုယ် ရရှိသည့် ဦးရေ ၂၀ ခန့်ရှိကြောင်း သိရသည်။