ဖားကန့်ဒေသ မယ့်လင်ချောင်မှော်၊ ရတနာတောင်တန်းကုမ္ပဏီ လုပ်ကွက်ဟောင်းတွင် တရားမဝင် ကျောက်စိမ်းတူးနေသည့် အမျိုးသားခြောက်ဦးနှင့် ဘက်ဟိုးယာဉ် ခုနစ်စီး ဖမ်းဆီးရမိ

ဖားကန့်ဒေသ မယ့်လင်ချောင်မှော်၊ ရတနာတောင်တန်းကုမ္ပဏီ လုပ်ကွက်ဟောင်းတွင် တရားမဝင် ကျောက်စိမ်းတူးနေသည့် အမျိုးသားခြောက်ဦးနှင့် ဘက်ဟိုးယာဉ် ခုနစ်စီး ဖမ်းဆီးရမိ
Published 7 September 2018

ဖမ်းဆီရမိသည့် ဘက်ဟိုးယာဉ်များကို စက်တင်ဘာ ၅ ရက်ညပိုင်းက သယ်ဆောင်လာသည်ကို တွေ့ရစဉ်

ကချင်ပြည်နယ် ဖားကန့်ဒေသ မယ့်လင်ချောင်မှော်၊ ရတနာတောင်တန်းကုမ္ပဏီ လုပ်ကွက်ဟောင်းတွင် တရားမဝင် ကျောက်စိမ်းတူးနေသည့် အမျိုးသားခြောက်ဦးနှင့် ဘက်ဟိုးယာဉ် ခုနစ်စီးကို စက်တင်ဘာ ၅ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဖမ်းဆီးမှုကို တပ်မတော်တပ်မ (၃၃) ၊ ခလရ (၄)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့ ၂၆ ၊ ရဲတပ်ဖွဲ့ ၃၀၊ ဖားကန့်မြို့မ ရဲတပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မယ်လင်ချောင်ရွာအနီး ရတနာ တောင်တန်းကုမ္ပဏီ လုပ်ကွက်ဟောင်းတွင် တရားမဝင် ကျောက်စိမ်းတူးဖော်နေမှုများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးမှုတွင် ဘက်ဟိုး ခုနစ်စီး၊ အမျိုးသား ခြောက်ဦး၊ ကျောက်စိမ်းရိုင်းတုံး ၈၁ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ပြီး ဘက်ဟိုးများကို လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ယမ်းချက်စက်ရုံတွင် ခေတ္တ ထိန်းသိမ်းထားကြောင်း၊ ဖမ်းဆီးရမိသည့် အမျိုးသား ခြောက်ဦးကို ဖားကန့်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း၊ စက်တင်ဘာ ၆ ရက် ညနေပိုင်းအထိ ဖားကန့်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ကျောက်စိမ်းလုပ်ကွက် နေရာသည် ၂၀၁၆ ခုနှစ်က ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းရိုင်းတုံး တစ်ခုဖြစ်သည့် တန်ချိန် ၂၁၀ ထွက်ရှိခဲ့သည့် လုပ်ကွက်အတွင်း ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက “မနေ့ ညနေပိုင်းက ဖမ်းတယ်။ ဘာတွေ ဖမ်းသွားတယ် ဆိုတာတော့ မသိရသေးဘူး။ ဘက်ဟိုးတွေ မိတယ်လို့ သိရတယ်။ ဖားကန့်မှာက ဒီလိုကြီး တူးနေကြရင်တော့ တရားဝင်လား မဝင်လား။ အပြင်လူတွေက ကြည့်ပြီး မသိနိုင်တော့ဘူး။ တရားဝင် တူးနေတဲ့ သူတွေကိုလည်း ဥပဒေအတိုင်း စစ်ဆေးရင် မညီတာတွေက ရှိနေတယ်။ ဖားကန့်မှာ ဒီလိုတရားမဝင် တူးဖော်မှုတွေ မဖြစ်ဖို့ဆိုရင် လုပ်ကွက်ကြီး၊ လုပ်ကွက်လတ်၊ တစ်ပိုင်တစ်နိုင် စတဲ့ ဥပဒေတွေကို စိစစ်ပြီး ချထားပေးဖို့တော့ လိုပါတယ်။ အခု အခြေခံလူတန်းစားက သိန်းနဲ့ချီပြီး ရှိနေတယ်။ အောက်ခြေ လူတန်းစားအတွက် ခံစားခွင့် မရှိဘူးဆိုရင်လည်း ဒီလိုပြဿနာတွေက ရှိနေဦးမယ်။ မနေ့ညက လမ်းမကြီးအတိုင်း မောင်းသွားတော့ ကတ္တရာလမ်းတွေ၊ ကွန်ကရစ်လမ်းတွေ ထိသွားတယ်ဆိုပြီး ဒေသခံတွေက တင်ပြလာတော့ ဒီမနက်ပဲ လွှတ်တော်မှာ အလုပ်ရှိတာနဲ့ လွှတ်တော်ဥက္ကဋ္ဌကို တင်ပြပေးခဲ့တယ်” ဟု ပြောကြားသည်။

ဖမ်းဆီးမိသည့် ဘက်ဟိုးယာဉ်များနှင့် ပတ်သက်၍ မည်သည့်ကုမ္ပဏီ အဖွဲ့အစည်းမှ ဖြစ်သည်ကို ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

လွန်ခဲ့သည့် သြဂုတ် ၂၂ ရက်က ဖားကန့်မြို့နယ်၊ တောင်းကော့ကျေးရွာအနီး သက်တမ်းကုန်နေသည့် စိန်လုံတောင်တန်း ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်သူ ၁၉ ဦးကို တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သား နှစ်သိန်းအထက် ရှိနေပြီး အများစုမှာ သက်တမ်းကုန် လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်မျက် တူးဖော်ဆဲ ကုမ္ပဏီများတွင် ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါး ပြဿနာ၊ ကျောက်မျက်သက်တမ်းကုန် လုပ်ကွက်ထိန်းသိမ်းရေး ပြဿနာ၊ ရွှေ့ပြောင်း လုပ်သားများပြားမှု ပြဿနာ၊ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ပြဿနာများကို ဘက်ပေါင်းစုံက ဖြေရှင်းနေရကြောင်း ဆိုသည်။

စက်တင်ဘာ ၆ ရက်က ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာနှင့် မော်လကင်ကျေးရွာအနီး ရတနာစမ်းရွှင် လုပ်ကွက်အတွင်း ရေမဆေးကျောက် ရှာဖွေသူများနှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ခြောက်လှန့် ပစ်ခတ်၍ လူသုံးဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။