တစ်နှစ်ပတ်လုံး ရောင်းဝယ်နိုင်သည့် ရွှေနှင့်ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စင်တာများ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး စသည့်သုံးနေရာတွင် ဖွင့်လှစ်မည်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား

တစ်နှစ်ပတ်လုံး ရောင်းဝယ်နိုင်သည့် ရွှေနှင့်ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စင်တာများ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး စသည့်သုံးနေရာတွင် ဖွင့်လှစ်မည်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား
Published 30 August 2017

နေပြည်တော်၌ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲတစ်ခုတွင် လာရောက်ကြည့်ရှုနေသူများကို တွေ့ရစဉ်

တစ်နှစ်ပတ်လုံးရောင်းဝယ်နိုင်သည့်  ရွှေနှင့်ကျောက်မျက်ရတနာများ ရောင်းဝယ်ရေး စင်တာများကို  ရန်ကုန်၊ နေပြည်တော် နှင့်မန္တလေး စသည့် နေရာသုံးခုတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်းက  သြဂုတ် ၂၈ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ-၁နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ(နဝမအကြိမ်)တွင် ပြောကြားသည်။

“မြန်မာနိုင်ငံတွင်းက ထွက်တဲ့ ရွှေ၊ သတ္တုပစ္စည်းတွေကို  ဒီနည်းတူပဲ ကျောက်မျက်တွေကို ပြပွဲတွေရှိမှ တစ်နှစ် နှစ်ကြိမ်၊ သုံးကြိမ်လောက်ဆို  ဒီလိုမဟုတ်ဘဲနဲ့ တစ်နှစ်ပတ်လုံး ရောင်းဝယ်နိုင်တဲ့ရွှေနဲ့ ကျောက်မျက်ရောင်းဝယ်ရေး စင်တာကြီး ဖွင့်လှစ်ရန်  သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းထားပါတယ်။ ဒီမှာပဲ ရောင်းကြ  ဝယ်ကြမယ်ဆိုရင် နိုင်ငံခြားပဲရောင်းရောင်း ပြည်တွင်းမှာပဲ ရောင်းရောင်း၊  အစုအဖွဲ့တွေ  အခြားအခြားသော လုပ်ငန်းတွေက ဒီမှာပဲ ကျယ်ကျယ်ပြန့် ပြန့်ဖြစ်လာမယ်။ ဒါကြောင့်  ဒီလိုစင်တာကြီးတွေ တည်ဆောက်ဖို့ သက်ဆိုင်ရာလုပ်ငန်းရှင်များနဲ့ ညှိနှိုင်းထားပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ရွှေနှင့် ကျောက်မျက်ရတနာများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချမှုများရှိသော်လည်း မည်မျှ ရောင်းချပြီး မည်မျှ ဝယ်ယူသည်၊ အခွန်အခ မည်မျှရသည်စသည်တို့ကို စနစ်တကျပြု လုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

မြေကို ဧက ၇၀၊ ၁၀၀ လောက်ကို ပြည့်ပြည့်စုံစုံ ထားမယ်။ အဲဒီလုပ်ငန်းမျိုးတွေ တည်ထောင်နိုင်မှ  မြန်မာနိုင်ငံက ရွှေထွက်တယ်၊ ကျောက်မျက်ရတနာ ထွက်တယ်။ မြန်မာ နိုင်ငံဈေးကွက်ဆိုတာ ပေါ်လာမှ မြန်မာ နိုင်ငံရဲ့ကုန်ပစ္စည်းတွေက တန်ဖိုးရှိလာမယ်။ အခုက ကုန်ကြမ်းတွေ ထုတ်တယ်။ နိုင်ငံခြားကို ပို့တယ်။ နိုင်ငံခြားမှာ ဈေးကွက်ဖြစ်တယ်။  မြန်မာနိုင်ငံက ကျောက်စိမ်း၊ ကျောက်သံ ပတ္တမြား ဒီလိုပဲဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ ဘယ်မှာသွားရောင်းမလဲ။ ဒါမျိုးတွေကို ပြောင်းလဲပစ်နိုင်မှ ဒီလိုဈေးကွက် ဒီလိုစင်တာကြီးတွေ လုပ်နိုင်ပါမှ ခိုင်မာတဲ့ ရပ်တည်ချက်ကို ရမယ်။ ဒါကြောင့် သက်ဆိုင်ရာ လုပ်ငန်းရှင်များနဲ့ ညှိနှိုင်းထားပါတယ်။ ဒါတွေကို  ပထမ ရန်ကုန်၊ ဒုတိယ နေပြည်တော်၊ တတိယ မန္တလေးစသဖြင့် အချက်အချာကျတဲ့နေရာ သုံးနေရာမှာ ဖွင့်လှစ်နိုင်ဖို့ လုပ်ငန်းရှင်များ နှင့် ညှိနှိုင်းထားပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လေးလကျော်ကာလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၄ ဒသမ ၇၅၇ သန်းရရှိ ထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၈၅ သန်း လျော့နည်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ကာလတူက ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ  ၁၀၉ ဒသမ ၈၃၈ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာကျော်ကျောက်စိမ်းကို လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် လည်းကောင်း၊ပတ္တမြားကို မိုးကုတ်ရတနာ နယ်မြေနှင့် မိုင်းရှူးရတနာမြေတွင်လည်းကောင်း နီလာနှင့် အခြားရောင်စုံကျောက်မျက်များကို မိုးကုတ်ရတနာမြေတွင်လည်း ကောင်း စီးပွားဖြစ်တူးဖော်လျက်ရှိကြောင်း  သိရသည်။