၂၀၁၇ ခုနှစ် ဇူလိုင်တွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၃၂ ဒသမ ၈၆ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် နှစ်ရာခိုင်နှုန်းကျော် မြင့်တက်

၂၀၁၇ ခုနှစ် ဇူလိုင်တွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၃၂ ဒသမ ၈၆ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် နှစ်ရာခိုင်နှုန်းကျော် မြင့်တက်
Published 30 August 2017

၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စားသုံးသူ ဈေးဆနှုန်း (Consumer Price Index - CPI) ၁၃၂ ဒသမ ၈၆ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် နှစ်ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၇ ခုနှစ် ဇူလိုင်လအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၄၄ ဒသမ ၅၆၊ အစားအစာ မဟုတ်သော အုပ်စုအတွက် ၁၁၆ ဒသမ ၃၅ နှင့် အုပ်စုအားလုံးအတွက် ၁၃၂ ဒသမ ၈၆ ရှိပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပေါ်ခဲ့သော စားသုံးသူ ဈေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၃၀ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း သိရသည်။

စားသုံးသူဈေးဆနှုန်းကို လေ့လာပါက အစားအစာအုပ်စု၏ဈေးဆနှုန်းမှာ ယခင်လထက် ရာခိုင်နှုန်း အနည်းငယ်သာ ကျဆင်းခဲ့ကြောင်း သိရသည်။ အစားအစာမဟုတ်သော အုပ်စု၏ ဈေးဆနှုန်းမှာ ၁၁၆ ဒသမ ၃၅ ဖြစ်သဖြင့် ယခင်လ အခြေအနေနှင့်နှိုင်း ယှဉ်ပါက အနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းကို ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ရခိုင်ပြည်နယ်၏စားသုံးသူ ဈေးဆနှုန်းမှာ ၅ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးပြောင်းလဲမှုဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ တွင်လည်း ပြောင်းလဲမှု ရာခိုင်နှုန်းများခဲ့ ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စု ဝင်ငွေနှင့်စားသုံးမှု စစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်း ကောက်ယူရာတွင် ကုန်ပစ္စည်း အမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုး ပါဝင်ကြောင်း သိရသည်။ စားသုံးသူ ဈေးဆနှုန်းတွက်ချက်ရန်အတွက် အစားအစာ အုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာ မဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုး ရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ တစ်နှစ် ပျမ်းမျှ (+)၄ ဒသမ ၉၁ ရာခိုင်နှုန်းရှိ၍ ပြီးခဲ့သည့်ဇွန်လတွင် ဖြစ်ပေါ်ခဲ့သည့် တစ် နှစ်ပျမ်းမျှ (+)၅ ဒသမ ၄၃ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ ဗဟိုစာရင်းအင်း အဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။