စီရော်နယ်လ်ဒိုအား မာနကြီးသူဟု ပြောကြားခဲ့ခြင်းအတွက် ဒါလစ် ပြန်လည်တောင်းပန်

စီရော်နယ်လ်ဒိုအား မာနကြီးသူဟု ပြောကြားခဲ့ခြင်းအတွက် ဒါလစ် ပြန်လည်တောင်းပန်
Published 6 September 2018

ခရိုအေးရှားအသင်းနည်းပြ ဒါလစ်သည် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုအား မာနကြီးသူဟု ပြောကြားခဲ့ခြင်းအတွက် ယနေ့ညကစားမည့် ပေါ်တူဂီအသင်းနှင့်ခြေစမ်းပွဲစဉ်မတိုင်မီ ပြန်လည်တောင်းပန်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo: The Independent

ပြီးခဲ့သည့် ၂၀၁၇-၁၈ရာသီအတွက် ဥရောပအကောင်းဆုံးကစားသမားဆုပေးပွဲသို့ စီရော်နယ်လ်ဒို မတက်ရောက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဒါလစ်က ပေါ်တူဂီတိုက်စစ်မှူးမှာ မာနကြီးသူဖြစ်ပြီး မိမိအနေဖြင့် ယင်းကဲ့သို့ ကစားသမားမျိုးကို အသင်းတွင် အလိုမရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သူဖြစ်သည်။ သို့ရာတွင် ဒါလစ်က မိမိအနေဖြင့် စီရော်နယ်လ်ဒိုကို ဝေဖန်တိုက်ခိုက်ခဲ့ခြင်းမဟုတ်သော်လည်း အမှားကျူးလွန်ခဲ့သည်ကို ဝန်ခံကြောင်း၊ ယင်းအတွက် ပြန်လည်တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

Photo: Independent.ie

ဒါလစ်က '' အဲဒီလိုပြောခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်နောင်တရမိပါတယ်။ စီရော်နယ်လ်ဒို ဆုပေးပွဲကို ဘာကြောင့်မတက်တာလဲ၊ မိုဒရစ် ဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ကြတာကို ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းတွေအပေါ် ပြန်ဖြေခဲ့တဲ့ ကျွန်တော့်ရဲ့စကားတချို့ပါ။ သူ့ကို ဝေဖန်တိုက်ခိုက်တာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ အမှားတစ်ခုပြုလုပ်မိတာတော့ သေချာပါတယ်။ အဲဒီအတွက် တောင်းပန်ပါတယ်။ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် မိုဒရစ်ကို မဲပေးခဲ့ပေမယ့် စီရော်နယ်လ်ဒိုကိုလည်း နံပါတ်(၂)မှာ မဲပေးခဲ့ပါတယ်။ စီရော်နယ်လ်ဒိုက ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ကာလရှည်ရပ်တည်နေသူပါ။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ မိုဒရစ်က သူ့ထက်ပိုကောင်းပါတယ်'' ဟု ပြောကြားခဲ့သည်။

Photo: Mirror

စီရော်နယ်လ်ဒိုသည် ပြီးခဲသည့် ဥရောပအကောင်းဆုံးကစားသမားဆုပေးပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းကစားဖော်ဟောင်း မိုဒရစ်ရရှိလိမ့်မည်ဟု သတင်းများပေါက်ကြားခဲ့ခြင်းကြောင့် ဆုပေးပွဲသို့ မတက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် ယင်းဆုပေးပွဲတွင် ၂၀၁၇-၁၈ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏နေရာအလိုက်ဆုတွင် အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲစဉ်တွင် ပေါ်တူဂီအသင်း၌ စီရော်နယ်လ်ဒိုပါဝင်မည်မဟုတ်သလို ခရိုအေးရှားအသင်းတွင်လည်း ကွင်းလယ်လူ ရာကီတစ်ပါဝင်မည်မဟုတ်ကြောင်း သိရသည်။စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းအတွက် ပိုမိုအာရုံစိုက်ရန်ဆန္ဒရှိနေပြီး ပွဲပန်းမှုများလည်းရှိနေရာ ပေါ်တူဂီအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးကာ အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။