နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းထောက် နှစ်ယောက် နိုင်ငံတော် လျှို့ဝှက်ချက် ဖောက်ဖျက်သည်ဟု ပြောကြားခြင်းအပေါ် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရကြောင်း ကိုဝလုံး၏ဇနီး ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းထောက် နှစ်ယောက် နိုင်ငံတော် လျှို့ဝှက်ချက် ဖောက်ဖျက်သည်ဟု ပြောကြားခြင်းအပေါ် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရကြောင်း ကိုဝလုံး၏ဇနီး ပြောကြား
Published 5 September 2018

ဓာတ်ပုံ - ကြည်နိုင်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းထောက် နှစ်ယောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်သည်ဟု ပြောကြားခြင်းအပေါ် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရကြောင်း ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်အိမွန်က ပြောကြားသည်။

ရိုက်တာသတင်းထောက် နှစ်ယောက်ကို ထောင်(၇)နှစ် ချမှတ်ပြီး နောက်တစ်နေ့တွင် သတင်းထောက်နှစ်ဦး၏ ဇနီးသည်နှစ်ဦး၊ ရှေ့နေနှစ်ဦးနှင့် မိသားစုဝင် တစ်ဦးတို့က ရန်ကုန်မြို့၊ Orchid Hotel ၌ ပြည်တွင်းပြည်ပ မီဒီယာများနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းတွင်  မပန်အိမွန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရိုက်တာသတင်းထောက် ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်အိမွန်က “လျှို့ဝှက်ချက်ကို ဖောက်ဖျက်တယ်ဆိုတဲ့ အခါကျတော့ ရင်ထဲမှာ တော်တော် စိတ်မကောင်း ဝမ်းနည်းတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ခေါင်းဆောင် တစ်ယောက်က သေချာသူတို့အကြောင်းကို မသိပါလား၊ မောင်ဝလုံးရော အစ်မတို့ မိသားစုဝင်တွေရော သူ့အပေါ်မှာ အရမ်းကို လေးစားအထင်ကြီးခဲ့မိတဲ့ အခါကျတော့ ကိုယ်အထင်ကြီး လေးစားရတဲ့သူက ကိုယ့်ပေါ်မှာ အမြင်လွဲနေတဲ့အတွက် အရမ်းဝမ်းနည်းပါတယ်” ဟု ရှင်းလင်းပွဲတွင် ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို NHK သတင်းဌာနက ဇွန်လအတွင်းက သီးသန့်တွေ့ဆုံ မေးမြန်းခြင်း ပြုလုပ်ခဲ့ပြီး ရိုက်တာသတင်းထောက် နှစ်ယောက်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အတိုင်ပင်ခံပုဂ္ဂိုလ်က “ရခိုင်အရေးကို သတင်းယူလို့ ဖမ်းဆီးခံခဲ့ရတာ မဟုတ်ပါဘူး။ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်တဲ့ အတွက်သာ သူတို့အဖမ်းခံရတာပါ။ တရားစီရင် စစ်ဆေးမှုနဲ့ ပတ်သက်လို့ ပြန်ကြားသိခွင့်ရှိနေတယ် ဆိုတာကို ရှင်သတိထားမိမယ် ထင်ပါတယ်။ ဒီဖြစ်စဉ်အတွင်း ကိစ္စတိုင်းက လုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲ လုပ်ဆောင်နေတာပါ” ဟု ထည့်သွင်းဖြေကြားခဲ့သည်။

ဓာတ်ပုံ - ကြည်နိုင်

ရိုက်တာသတင်းထောက် နှစ်ဦးအတွက် ရက်ပေါင်း ၆၀ အတွင်း အမြန်ဆုံး အယူခံဝင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားရုံးလမ်းကြောင်းအရ ဆောင်ရွက်စရာများ စီစဉ်နေပြီဖြစ်ကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ရှင်းလင်းပြောကြားသည်။

“ကျွန်တော်တို့ အယူခံအပါအဝင်၊ အယူခံဆိုတာ တစ်ခုတည်းရှိတယ်။ လုပ်စရာရှိတာတွေ လုပ်သွားမယ်။ နောက်တစ်ခါ တရားရုံး လမ်းကြောင်းအရ လုပ်စရာ ရှိတာတွေကော တခြားလုပ်စရာ ရှိတာတွေ အကုန်လုံး ဥပဒေအရ စီစဉ်နေပါပြီ” တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာများ ဖြေကြားသည်။

ထောင်ဒဏ်ချမှတ် ခံထားရသည့် သတင်းထောက် ကိုဝလုံး၏ဇနီး မပန်အိမွန်၊ သတင်းထောက် ကိုကျော်စိုးဦး၏ ဇနီး မချစ်စုဝင်းတို့သည် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုများစွာကို ဖြေကြားခဲ့သည်။

သတင်းထောက်နှစ်ဦး လွတ်မြောက်ရေးအတွက် နိုင်ငံတော်သမ္မထံ အသနားခံစာတင်ရန် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကာ ဆောင်ရွက်စရာ ကိစ္စရပ်များအားလုံး လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း ဇနီးသည် နှစ်ဦးက ပြောကြားသည်။

ထို့ပြင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံမည်ကို မမျှော်လင့်ထားကြောင်းနှင့် အမိန့်ချလိုက်သည်ဆိုသော သတင်းမှာ မျှော်လင့်ချက်များ ရိုက်ချိုးခံလိုက်ရသလို ခံစားရကြောင်း ဇနီးသည်များက ပြောကြားသည်။

ကိုကျော်စိုးဦးဇနီး မချစ်စုဝေက “မထင်မှတ်ဘဲ ထောင်ဒဏ် ၇ နှစ်ကျတာ လုံးဝမခံစားနိုင်ပါဘူး။ ကိုယ်က အိမ်ကိုအတူ ပြန်ရမယ်လို့ဘဲ ယုံကြည်ထားတယ်။ သူဆိုရင်လည်း အဲ့လိုပါပဲ။ မနက်ဖြန် လွှတ်မှာဘဲလို့ စိတ်ကူးလေးနဲ့။ ဒါပေမယ့် မဖြစ်လာခဲ့ပါဘူး။ တော်တော်ရူးမတတ် ခံစားရတယ်။ ကိုယ့်ကိုကိုယ် အရူးတစ်ယောက်လိုပဲ ခံစားရတယ်။ သူတို့မှာ လုံးဝအပြစ်မရှိပါဘူး။ သူတို့အလုပ်ကိုပဲ သူတို့လုပ်တာပါ” ဟု ဝမ်းနည်းစွာ ပြောကြားသည်။

ဓာတ်ပုံ - ကြည်နိုင်

ကိုဝလုံးဇနီး မပန်အိမွန်ကလည်း “မနေ့က မောင်ဝလုံးနဲ့ သွားတွေ့ပါတယ်။ မျှော်လင့်ထားတာကြတော့ ဒီလောက်ကြီး ပြစ်ဒဏ်ချလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားဘူး။ ဘာလို့လဲဆို သူတို့နှစ်ယောက်လုံးက အမှားမလုပ်ခဲ့ဘူးဆိုတာ အကုန်လုံးလည်းသိတယ်။ သူတို့ကိုယ်တိုင်လည်းသိတယ်။ သူတို့ကို အခုလို ဖမ်းဆီးခဲ့တဲ့သူတွေ ကိုယ်တိုင်လည်း သူတို့တကယ် အမှားလုပ်လား၊ မလုပ်လားဆိုတာ ကာယကံရှင်တွေ အသိဆုံးပါပဲ။ ဒီလောက်ကြီး ပြစ်ဒဏ်ချလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ကြားကာစမှ တော်တော်ကြေကွဲ ခဲ့ရတယ်။ မောင်ဝလုံးနဲ့ သွားတွေ့တော့ သူကဘာပြောလည်း ဆိုတော့ သူတို့က ဘာအမှားမှ မလုပ်ထားဘူး။ မတရား ဖမ်းဆီးခံရပြီးတော့ ဒီလိုထောင်ချောက်ဆင် အဖမ်းခံလိုက်ရတယ်။ အခုထောင်ချခံလိုက်ရတဲ့ အတွက် တော်တော်ယူကြုံးမရ ဖြစ်မိတယ်လို့ သူကလည်း ပြောခဲ့တယ်။ မိသားစုတွေ အားလုံးက ကိုယ်ကလည်း စပြီးတော့ ကိုယ်ဝန်ရှိကတည်းက အားတင်ပြီး ထားတာပေါ့။ ကိုယ်ဝန်ဆောင်တဲ့ကာလ တစ်လျှောက်မှာလည်း မကြာခင်မှာ င့ါယောင်္ကျား ပြန်လွှတ်လာမယ် ဆိုပြီးတော့ အားတင်ပြီးတော့ ထားခဲ့လိုက်ရတာ။ နောက်ဆုံး ကလေးသာ မွေးသွားခဲ့ရတယ်။ မျှော်လင့်ချက်က ဖြစ်မလာခဲ့ဘူး။ အဲ့အခါ ကျတော့လည်း ငါ့ကလေးနဲ့ သူ့အဖေ မကြာခင် ပြန်တွေ့ရမှာပါလေဆိုပြီး မျှော်လင့်ချက်နဲ့ ဆက်ပြီးရပ်တည်ခဲ့တယ်။ ဒါပေမယ့် အမိန့်ချလိုက်တဲ့ အခါမှာ ကိုယ့်မျှော်လင်ချက်က ရိုက်ချိုးလိုက်သလို ခံစားရတယ်” ဟု ဝမ်းနည်းစွာဖြင့် မီဒီယာများအား ပြောကြားသည်။

သတင်းထောက် နှစ်ဦးစလုံးတွင် သမီးတစ်ယောက်စီ ကိုယ်စီရှိကြပြီး ကိုဝလုံး၏ သမီးမှာ လသားအရွယ်သာ ရှိသေးပြီး ကိုကျော်စိုးဦး သမီးမှာ သုံးနှစ်အရွယ်ခန့်သာ ရှိသေးသည်။

“သမီလေးကိုတော့ စိတ်ဒဏ်ရာရမှာ ကြောက်တယ်။ သူ့သမီးလေးနဲ့ သူအမြန်ဆုံး တွေ့စေချင်တယ်။ အမြန်ဆုံးသူ့ကို လွတ်မြောက်စေချင်တယ်။ မိသားစု အရင်လို ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်တယ်” ဟု မချစ်စုဝေက ပြောကြားသည်။

မပန်အိမွန်အနေဖြင့် ကိုယ်ဝန်ဆောင်နေရချိန်နှင့် ကလေးမီးဖွားသည့် အချိန်တွင် ကိုဝလုံးမှာ အချုပ်ထဲတွင် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင် နေရချိန်လည်းဖြစ်သည်။

မပန်အိမွန်က “ကိုယ့်သမီးလေးက ဘာမှမသိသေးတဲ့ အချိန်မှာ သူတဖြေးဖြေး သိလာမယ်ဆိုတဲ့ ဒီ ၇ နှစ်ဆိုတဲ့ အတိုင်းအတာ အဖေဘယ်မှာလဲ၊ အဖေဘယ်ရောက်နေလဲ ဆိုတဲ့ဟာ သူသိမှာက အမေတစ်ယောက်ထဲကိုပဲ သိမှာ။ သူက စမွေးလာကတည်းက အဖေဆိုတာကို မတွေ့ခဲ့ရတဲ့ အခါကျတော့ စိတ်ထဲမှာတော့ တော်တော်မကောင်းဘူး။ အမြန်ဆုံးတော့ လွတ်စေချင်ပါပြီ” ဟု ပြောကြားသည်။

 

Most Read

Most Recent