အောင်လံမြို့နယ်ရှိ ဘွက်ကြီးဆည် တာပေါင်မြေသားကျွံကျမှု ဖြစ်ပွားခဲ့ပြီး ဆည်ရေပိုလွှဲမှလည်း ရေကျော်နေသဖြင့် ဆည်အောက်ရှိ ကျေးရွာများကို သတိပေးထား

အောင်လံမြို့နယ်ရှိ ဘွက်ကြီးဆည် တာပေါင်မြေသားကျွံကျမှု ဖြစ်ပွားခဲ့ပြီး ဆည်ရေပိုလွှဲမှလည်း ရေကျော်နေသဖြင့် ဆည်အောက်ရှိ ကျေးရွာများကို သတိပေးထား
Published 5 September 2018

အောင်လံမြို့နယ်ရှိ ဘွက်ကြီးဆည်ကို တွေ့ရစဉ်

အောင်လံမြို့နယ်ရှိ ဘွက်ကြီးဆည် တာပေါင်မြေသား ကျွံကျမှုဖြစ်ပွားခဲ့ပြီး ဆည်ရေပိုလွှဲမှလည်း ရေကျော်ကျနေသဖြင့် ဆည်အောက်ရှိ ကျေးရွာများကို သတိပေးမှုများ ပြုလုပ်ထားရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ၂ ရက် ညနေပိုင်းက အောင်လံမြို့နယ်ရှိ ဘွက်ကြီးဆည်မြေသား တာပေါင် အလျားပေ ၁၀၀ ကျော် အနံ ၄၀ ပေက ငါးပေအထိ ကျွံကျမှုဖြစ်ပွားခဲ့ပြီး ဆည်ရေပိုလွှဲကလည်း ရေကျော်မှုဖြစ်ပွားနေ၍ မကွေးတိုင်း စိုက်ပျိုးရေးဝန်ကြီး အပါအဝင် ဆည်မြောင်းတာဝန်ရှိသူများ လာရောက် စစ်ဆေးမှုများ ပြုလုပ်နေကာ ကျွံကျသွားသည့် နေရာတွင်လည်း ပြုပြင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“ကထို့ပေါက် (ထူးပေါက်) ကြောင့် ဆည်အနောက်ဘက် တာဘောင်ကျွံကျ သွားတယ်လို့ သုံးသပ်မိပါတယ်။ ကျွံကျတဲ့ နေရာကိုလည်း ထပ်မကျွံကျဖို့ မိုးကာတွေ မိုးတာမျိုး ကျွံကျသွားတဲ့ နေရာတွေကို သဲအိတ်တွေနဲ့ ပြန်လည်ပြုပြင်ဖို့ လုပ်နေပါတယ်။ ဆည်ရေပိုလွှဲအပေါ်ကနေ နှစ်ပေလောက်လည်း ရေကျော်ကျမှုတွေ ရှိနေပါတယ်။ ဒါနဲ့ပတ်သတ်ပြီး စက်တင်ဘာ ၄ ရက်မှာ သက်ဆိုင်ရာ လူကြီးတွေ လာရောက်စစ်ဆေးတာ မျိုးတွေလည်း လုပ်နေပါတယ်။ ဆည်အောက်က ကျေးရွာတွေကိုတော့ သတင်းထူးရင် ထူးသလို ပြောမယ်ဆိုပြီး သတိပေးမှုတွေ လုပ်ထားပါတယ်” ဟု ဘွက်ကြီးဆည်တည်ရှိရာ ဒန်းဒေါင့်ကျေးရွာ အုပ်စုအုပ်ချူပ်ရေးမှူး ဦးတင်ကြိုင်က ပြောကြားသည်။

မကွေးတိုင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဋ္ဌေးကလည်း “တာဘောင်ကျွံကျတာက တချို့မြေသားတွေ မကောင်းလို့ ဖြစ်တာပါ။ ပြုပြင်မှုတွေလည်း လုပ်နေပါပြီ။ စိုးရိမ်စရာမရှိပါဘူး။ ရေပိုလွှဲက ရေကျော်ကျနေတဲ့လည်း မှန်ပါတယ်။ ဆည်ရေကိုလည်း နည်းသွားအောင် လုပ်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ဆည်ကျိုးကျမှုဖြစ်ပွားပါက ဆည်အောက်ရှိ ကျေးရွာခုနစ်ရွာကျော်အထိ ရေဘေးနှင့် ရင်ဆိုင်နိုင်ရပြီး ကျေးရွာဒေသခံများလည်း ဆည်ကျိုးကျမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“ဝန်ကြီးရော၊ ဆည်မြောင်းတာဝန်ရှိသူတွေရော ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ သူတို့ကတော့ စိုးရိမ်စရာ မရှိဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ မိုးကဆက်ရွာနိုင်တဲ့ အခြေအနေတွေကြောင့် ဆည်အောက်က ရွာတွေကို သတိထားနေကြဖို့ နှိုးဆော်ပြောထားပါတယ်” ဟု အောင်လံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောကြားသည်။

အဆိုပါ ဘွက်ကြီးဆည်သည် လယ်မြေဧက ၆၉၆၆ ဧက ဆည်ရေပေး စိုက်ပျိုးနိုင်ရန်အတွက်၂၀၀၁-၂၀၀၂ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။