NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ချင်းမိုင်မြို့တွင် ပြုလုပ်သွားမည်

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ချင်းမိုင်မြို့တွင် ပြုလုပ်သွားမည်
Published 5 September 2018

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ပြုလုပ်မည်ဖြစ်ကြောင်း NCA-SEAO က စက်တင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၊ NCA-SUPDJC ၊ NCA- SJMC ၏ အလွတ်သဘော ဆွေးနွေးပွဲများနှင့် ပတ်သက်၍ လုပ်ငန်းအစီရင်ခံစာ တင်ပြခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအပေါ် ပြန်လည်သုံးသပ်ခြင်း၊ NCA –SEAO စုဖွဲ့မှုများကိစ္စနှင့် လုပ်ငန်းလမ်းညွှန်ကိစ္စအပါအဝင် NCA – SEAO ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (Framework for Political Dialogue) ပြန်လည်သုံးသပ်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းကိစ္စ၊ NCA –SEAO ရုံးကိစ္စနှင့် NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကိစ္စစသည့်အကြောင်းအရာများကိုလည်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံအကျပ်အတည်းရဲ့ တစ်ခုတည်းသော ထွက်ပေါက်က နိုင်ငံရေးဆွေးနွေးပွဲဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒါကြောင့် တစ်အချက်အနေနဲ့ နိုင်ငံအတွက် မလွဲမသွေရအောင် အဖြေထုတ်ရမယ့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးနဲ့ဆိုင်တဲ့ နိုင်ငံရေးသဘောတူညီချက်ကို ဆုံးဖြတ်နိုင်တဲ့ သက်ဆိုင်ရာ ခေါင်းဆောင်တွေကြား အမြန်တွေ့ဆုံ ဆုံးဖြတ်နိုင်တဲ့ ဆွေးနွေးပွဲတွေ အမြန်ထိုင်နိုင်ဖို့လိုတယ်။ နှစ်အချက်အနေနဲ့ ကျန်တဲ့မြေပြင်တိုက်ပွဲတွေရပ်ဖို့ နည်းလမ်းရှာရင်း ဒီ Process ဖြစ်စဉ်ထဲ ပါအောင် ကြိုးစားရဦးမယ်။ အရေးကြီးဆုံးဖြစ်တဲ့ သုံးအချက်ကတော့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ့် မူတွေဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစုအခွင့်အရေးနဲ့ဖွဲ့စည်းပုံမှာ အာဏာခွဲဝေမှုပုံစံလိုဟာမျိုးကို အတူတကွ အဖြေရှာဖို့လိုတယ်။ အဓိကအကျဆုံးကတော့ အစိုးရ၊ တပ်မတော်၊ EAO နဲ့ နိုင်ငံရေးပါတီစတဲ့ ပါဝင်ပတ်သက်သူတွေအားလုံး လူထုနဲ့အနာဂတ် အကျိုးရှေးရှုပြီး အကောင်းဆုံး အသင့်တော်ဆုံး အနာဂတ်တိုင်းပြည် တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက် ရှာစေချင်တယ်” ဟု NCA-SEAO ၏ သတင်းဖော်ပြချက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်တစ်ဦးဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောကြားသည်။

NCA – SEAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမတိုင်မီ စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် NCA – SEAO PPST အစည်းအဝေးနှင့် NCA – SEAO UPDJC အစည်းအဝေးများကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင်ပင် ဦးစွာပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး  (3 rd NCA – SEAO Summit) သို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၀) အဖွဲ့မှ ထိပ်သီးခေါင်းဆောင်များနှင့် ယင်းအဖွဲ့အစည်းများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။