တွံတေးတူးမြောင်း ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ကိုရီးယားချေးငွေ ဒေါ်လာသန်းခြောက်ဆယ်ကျော်ဖြင့် ခြောက်နှစ်တာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည်

တွံတေးတူးမြောင်း ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ကိုရီးယားချေးငွေ ဒေါ်လာသန်းခြောက်ဆယ်ကျော်ဖြင့် ခြောက်နှစ်တာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည်
Published 4 September 2018

တွံတေးတူးမြောင်း ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ကိုရီးယားချေးငွေ ဒေါ်လာသန်းခြောက်ဆယ်ကျော်ဖြင့် ပြုပြင်ထိန်းသိမ်းမှုများ စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

အဆိုပါ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၃ သန်းနှင့် ညီမျှသည့် ကိုရီးယားငွေကြေးကို ချေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ခြောက်နှစ်တာ ဆောင်ရွက်သွားမည်ဖြစ်သည်။

တွံတေးတူးမြောင်းသည် အရှည်အားဖြင့် ၂၁ မိုင်ရှိပြီး ရန်ကုန်မြို့နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများဖြစ်သည့် ဒေးဒရဲ၊ မအူပင်၊ ဖျာပုံ၊ မော်လမြိုင်၊ ဘိုကလေး၊ လပွတ္တာ၊ မြောင်းမြအစရှိသည့် မြို့များအကြား အဓိက ကုန်စည်စီးဆင်းရာ ရေလမ်းကြောင်းတစ်ခု ဖြစ်သည်။ အဆိုပါ တွံတေးတူးမြောင်း၏ ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် တည်ငြိမ်ရေးအတွက် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ ၆၁ ဒသမ ၃ သန်းချေးယူရန် ကိုရီးယားနိုင်ငံမှ သဘောတူညီမှု ရယူထားပြီးဖြစ်ကာ ယင်းသို့ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ကိုရီးယားနိုင်ငံ ISAN ကုမ္ပဏီက လေ့လာမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ရွေးချယ်ရာတွင် ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှုကောင်းခြင်း၊ လုပ်ငန်း အောင်မြင်မှုအတိုင်း လုပ်ငန်းကျွမ်းကျင်မှု အနေအထားစသည့် အချက်များကို မူတည်၍ ရွေးချယ်သွားမည်ဖြစ်ရာ အဆိုပါ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်လိုက်သည့် ကုမ္ပဏီနှင့် ၎င်းတို့ဌာနရှိ ပညာရှင်များနှင့် ပူးပေါင်း၍ စီမံကိန်းကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးတူးမြောင်းကို ၁၈၀၃ ခုနှစ်တွင် အင်္ဂလိပ်တို့မှ လူအင်အားသုံးကာ အရှည်သုံးမိုင်ခွဲ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ စတင်ဖောက်လုပ်ခဲ့စဉ်က ရေကိုထိန်းသိမ်းထားသည့် စနစ်ကြောင့် ကာလကြာသောအခါ ယိုယွင်းလာပြီး သုံးမိုင်ခွဲတွင် ဧရာမဝဲကြီး တစ်ခုဖြစ်ခဲ့ပြီး အဆိုပါဝဲကြီးအတွင်း သင်္ဘောများမှောက်သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ အဆိုပါ ဝဲကြီးကို ပြေပျောက်စေရန် ၁၉၉၀ ပြည့်နှစ်အတွင်းက မြစ်ကြောင်းချဲ့ထွင်ခဲ့သော်လည်း ယခုကာလတွင် အဆိုပါဝဲကြီးကဲ့သို့ တွံတေးတူးမြောင်း သုညမိုင်အနီး ပြန်လည်ဖြစ်ပေါ်နေခြင်းကြောင့် ကမ်းပြိုမှုထိန်းသိမ်းရန် ခက်ခဲခြင်း၊ ရေလမ်းတည်ငြိမ်ရန် ခက်ခဲခြင်းဖြစ်ကာ တူးမြောင်းတစ်လျှောက်ရှိ ကမ်းပြိုကမ်းစားမှုများကိုလည်း တစ်ပါတည်း ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးတူးမြောင်း ၃ ဒသမ ၅ မိုင်ရှိ အကောက်စခန်းနှင့် လက်ပံကုန်းကျေးရွာအနီး ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ငန်းခွဲခြောက်ခုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ပံကုန်းကျေးရွာဘက်တွင် လုပ်ငန်းလေးခု အလျား ၃၂၀၀ ပေနှင့် အကောက်ခွန်စခန်းဘက်အခြမ်းတွင် လုပ်ငန်းနှစ်ခု အလျား ၈၁၇ ပေဖြစ်ရာ စုစုပေါင်း အလျား ၄၀၁၇ ပေအား ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

တိုးမြစ်မှ ရေစီးဝင်မှုနှုန်း များပြားမှုကြောင့် ကမ်းပြိုမှုများ နှစ်စဉ်ဖြစ်ပေါ်နေသည့် တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို လုပ်ငန်းခွဲခြောက်ခုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။