ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံနှစ်ဦး၏ ရှစ်ကြိမ်မြောက် ရုံးချိန်းတွင် တရားလို သက်သေဖြစ်သူ မြင်းလွှတ်မြို့ အုပ်ချုပ်ရေးမှူး ဦးဇာနည်ထွန်းအား စစ်ဆေး

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံနှစ်ဦး၏ ရှစ်ကြိမ်မြောက် ရုံးချိန်းတွင် တရားလို သက်သေဖြစ်သူ မြင်းလွှတ်မြို့ အုပ်ချုပ်ရေးမှူး ဦးဇာနည်ထွန်းအား စစ်ဆေး
Published 4 September 2018

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံ နှစ်ဦးအား စက်တင်ဘာ ၃ ရက်က ရှစ်ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလို သက်သေဖြစ်သူ မြင်းလွှတ်မြို့ အုပ်ချုပ်ရေးမှူး ဦးဇာနည်ထွန်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီကနေ့ ရုံးချိန်းမှာ တရားလို သက်သေဖြစ်တဲ့ မြင်းလွှတ်မြို့ အုပ်ချုပ်ရေးမှူး ဦးဇာနည်ထွန်းကို စစ်ဆေးပါတယ်။ သူက မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ သင်္ဘောကွေ့ရွာကို သွားပြီး ဦးထွန်းမြင့်ဦးနဲ့ စကားပြောတဲ့အခါ ဗီဒီယိုမှတ်တမ်း ရိုက်တဲ့သူ ဖြစ်ပါတယ်။ နောက်ထပ် ရုံးချိန်းကို စက်တင်ဘာ ၁၀ ရက် ကို ထပ်ချိန်းပါတယ်” ဟု ရှေ့နေဦးခင်ဝင်းက ပြောကြားသည်။

သြဂုတ် ၂၁ ရက် ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် တရားလို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးအား စစ်ဆေးခဲ့ပြီး ဦးထွန်းမြင့်ဦး၏ ပြောဆိုချက် စကားများကို မှတ်တမ်းတင်ထားသည့် စီဒီချပ်ကို တရားရုံးကို တင်ပြခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၃ ရက် ဒုတိယအကြိမ် ရုံးချိန်းတွင် ဒေါ်ဥမ္မာကျော်အား အာမခံလျှောက်ထားခဲ့သော်လည်း ဇူလိုင် ၃၀ ရက်က တတိယအကြိမ် ရုံးထုတ်ခဲ့ရာတွင် ဒေါ်ဥမ္မာကျော်အား အာမခံလျှောက်ထားမှုအား ပယ်ချခံခဲ့ရသည်။

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် မောင်တောတောင်ပိုင်းရှိ သင်္ဘောကွေ့ကျေးရွာသား သုံးဦးအနက် ဦးထွန်းမြင့်ဦး နှင့် ဒေါ်ဥမ္မာကျော်တို့အား ဇူလိုင် ၉ ရက် က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပထမအကြိမ်အဖြစ် ဇူလိုင် ၁၆ ရက်က မောင်တောမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့အား ဘူးသီးတောင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။ သင်္ဘောကွေ့ကျေးရွာသား သုံးဦးအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) အရ ရာဇဝတ်မှုကို ကျူးလွန်ကြောင်းနှင့် စွဲချက်ရှိသည်ကို ထုချေ ရှင်းလင်းရန် ဇူလိုင် ၉ ရက်အရောက် လာရောက်ရန် မြို့နယ် တရားရုံးမှ ဇူလိုင် ၈ ရက်က သမ္မန်စာပေးပို့ခဲ့ပြီး ကျေးရွာအား ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာမှ ဖြိုဖျက်ခဲ့သည်။

မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာအား ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာသားများအား အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ကျေးရွာသားများက လက်မခံဘဲ ကျောက်ပန်းတူကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာတွင် ဥပဒေမဲ့ ဝင်ရောက် နေထိုင်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး သွားလာရ လွယ်ကူသည့် မောင်တောမြို့နယ် အင်းဒင်ရဲစခန်း အရှေ့ဘက်တွင် ကျေးရွာသစ်မြေနေရာ ရွေးချယ်ပြီး ယာယီ အဆောက်အအုံများ ဆောက်လုပ်ပေးကာ အမြဲနေထိုင်နိုင်ရေးအတွက် အခိုင်အမာ အဆောက်အအုံ အလုံး ၁၀၀ တည်ဆောက်ပေးလျက် ရှိကြောင်း ဇူလိုင် ၁၂ ရက် တွင် အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ရွှေ့ပြောင်းလာသူများသည် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာက စတင်အခြေချ နေထိုင်ခဲ့ကြောင်း သိရသည်။