ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာသည် နိုင်ငံတစ်ဝန်း စိတ်ဝမ်းကွဲမှုနှင့် အယုံအကြည်ကင်းမဲ့မှုကိုဖြစ်ပေါ်စေနိုင်ပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများကိုပါ ထိခိုက်စေသည်ဟု မြန်မာအစိုးရ တုံ့ပြန်

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာသည် နိုင်ငံတစ်ဝန်း စိတ်ဝမ်းကွဲမှုနှင့် အယုံအကြည်ကင်းမဲ့မှုကိုဖြစ်ပေါ်စေနိုင်ပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများကိုပါ ထိခိုက်စေသည်ဟု မြန်မာအစိုးရ တုံ့ပြန်
Published 2 September 2018

သြဂုတ် ၂၇ ရက်က ဂျီနီဗာမြို့သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နောက်ဆုံးအစီရင်ခံစာတစ်ရပ်ကို တင်ပြနေစဉ်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့  (FFM) ၏ သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာသည် နိုင်ငံတစ်ဝန်း စိတ်ဝမ်းကွဲမှုနှင့် အယုံအကြည်ကင်းမဲ့မှုကို ဖြစ်ပေါ်စေနိုင်ပြီး ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုပါ ထိခိုက်စေသည်ဟု တရားဝင်ကြေညာချက်ထုတ်ပြန်ကာ မြန်မာအစိုးရအဖွဲ့က တုံ့ပြန်သည်။

လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့ (FFM) ကို ၂၀၁၇ ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့ စတင်ဖွဲ့စည်းစဉ်ကပင် မြန်မာနိုင်ငံအစိုးရ အနေဖြင့် အဆိုပါအဖွဲ့ ဖွဲ့စည်းမှုအား ပယ်ချခဲ့ကြောင်း၊ ယင်းအဖွဲ့၏ ရှာဖွေတွေ့ရှိချက်များကို လက်ခံသွားနိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့ပြီးဖြစ်သည်ဟု သြဂုတ် ၃၁ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအဖွဲ့၏ တည်ထောင်မှု၊ ဖွဲ့စည်းမှုနှင့် လုပ်ပိုင်ခွင့်တို့မှာ သမာသမတ်ကျမှု မရှိစေနိုင်သကဲ့သို့ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ ရေရှည်တည်တံ့သည့်အဖြေများ ရှာဖွေလျက်ရှိသည့် အစိုးရ၏ ကြိုးပမ်းအားထုတ် မှုများကိုပါ အဟန့်အတားဖြစ်လာနိုင်စေမည့်အပေါ် စိုးရိမ်ဖွယ်ရာဖြစ်ရပြီး ယင်းအဖွဲ့၏ အစီရင်ခံစာသည် အစိုးရ၏စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော် ပြခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားတပ်မတော်အရာရှိ ငါးဦးတို့ကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်မှု များဖြင့် တရားစွဲဆိုရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေး အဖွဲ့  (FFM) က သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် တိုက်တွန်းခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းသူများက လုံခြုံရေးကင်းစခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းဖြစ်စဉ်အပေါ် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ခန့်မှန်းခြေအားဖြင့် ဘင်္ဂါလီမွတ်စလင် ခုနစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ အစီရင်ခံစာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော ဘင်္ဂါလီမွတ်စလင်များနှင့် တွေ့ဆုံမေးမြန်းထားခြင်းများ အပေါ် အခြေခံထားခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲပြောင်းပေးရန် သို့မဟုတ် အပြည်ပြည်ဆိုင်ရာခုံအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) က တောင်းဆိုခဲ့သည်။

အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်သည့်အချိန်မှစ၍ ရခိုင်ပြည်နယ်အတွင်း ရှုပ်ထွေးလှသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်နေပြီး အစိုးရ၏ တာဝန်ယူမှုနှင့် တရားဥပဒေစိုးမိုးမှုရှိရေး သန္နိဋ္ဌာန်ချထားခြင်းနှင့်အညီ လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များနှင့် ဆက်စပ်ကိစ္စရပ်များအား စုံစမ်းစစ်ဆေးရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုသတင်းထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။

အစိုးရအနေဖြင့် ရှုပ်ထွေးလှသော စိန်ခေါ်မှုများကို ကြုံတွေ့နေရသည့်တိုင် မြန်မာပြည်သူတစ်ရပ်လုံးအတွက် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးတို့အတွက် အစိုးရ၏ သန္နိဋ္ဌာန်ချမှတ်ထားမှုကို မဆုတ်မနစ်ဘဲ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။