မွန်နိုင်ငံရေးပါတီအသစ် အမည်အား အများသဘောဆန္ဒနှင့်အညီ မွန်ပါတီဟု အတည်ပြုသတ်မှတ်

မွန်နိုင်ငံရေးပါတီအသစ် အမည်အား အများသဘောဆန္ဒနှင့်အညီ မွန်ပါတီဟု အတည်ပြုသတ်မှတ်
Published 2 September 2018

မွန်နိုင်ငံရေးပါတီများနှင့် မွန်နိုင်ငံရေး အင်အားစုများ ပါဝင်ကြသည့် မွန်နိုင်ငံရေး ပါတီအသစ်အမည်အား အများသဘောဆန္ဒ နှင့်အညီ ‘မွန်ပါတီ’ ဟု အတည်ပြုသတ်မှတ်လိုက်ကြောင်း မွန်ပါတီ၏ တွဲဖက်အတွင်း ရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

သြဂုတ် ၃၁ ရက်ကပြုလုပ်သည့် အစည်းအဝေးတွင် ပဏာမရွေးချယ်ထားသည့် မွန်နိုင်ငံရေးပါတီသစ်အမည် ၁၃ ခုထဲမှ ဆန္ဒပြုသူအများဆုံးဖြစ်သည့် ‘မွန်ပါတီ’ အမည်ကို မွန်နိုင်ငံရေးပါတီအသစ်အတွက် အတည်ပြု သတ်မှတ်ခဲ့ကြောင်း၊ စက်တင်ဘာ ၂၁ ရက် တွင် ပေါင်းစည်းရေးအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့နောက် ပါတီမှတ်ပုံတင်ရေးကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်လယိတမက ပြောကြားသည်။

“မွန်ရဟန်းသံဃာတော်တွေရော၊ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ပါ လိုလားနေကြတဲ့ မွန်နိုင်ငံရေးပါတီ တစ်ပါတီတည်းဖြစ်ရေးကတော့ အပြီးသတ်နိုင်ခဲ့ပြီလို့ ပြောလို့ရပါပြီ။ ပြည်သူတွေရဲ့ဆန္ဒအတိုင်း ပြည့်မြောက် သွားပြီဖြစ်တဲ့အတွက် ဒီမွန်ပါတီကို မွန်ပြည်သူတွေအနေနဲ့ ဝန်းရံထောက်ခံပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု နိုင်လယိတမက ဆက်လက်ပြောကြားသည်။

မွန်နိုင်ငံရေးပါတီများ၊ မွန်နိုင်ငံရေးအင်အားစုများ အားလုံးပါဝင်မည့် ပေါင်းစည်းရေး အခမ်းအနားတစ်ခုလုပ်ရန် အစီအစဉ်ရှိသည် ဟုသိရကြောင်း၊ အဆိုပါအခမ်းအနားတွင် မွန်နိုင်ငံရေးအင်အားစုများအားလုံး ပါဝင်လာမည်ဆိုပါက အနာဂတ်မွန်နိုင်ငံရေးပါတီအနေဖြင့် အင်အားတောင့်တင်းပြီး အလားအလာကောင်းသည့်ပါတီ ဖြစ်လာမည်ဟု ယူဆကြောင်း မွန်နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သူ နိုင်မင်းမင်းနွယ်က ပြောကြားသည်။

“မွန်တိုင်းရင်းသားမဲဆန္ဒရှင်တွေအနေနဲ့ကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက မွန်ပါတီ နှစ်ခုသုံးခုဖြစ်နေတာက တစ်ကြောင်း၊ မွန်တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ ပါနေတာက တစ်ကြောင်း မဲကွဲသွာမယ့်ပုံစံမျိုး ရှိခဲ့တော့  မဲပေးကြဖို့ ဆန္ဒသိပ်မရှိကြဘူး။ မွန်ပြည်သူတွေအနေနဲ့က မွန်ပါတီတစ်ခုတည်းဖြစ်သွားရင်တော့ မဲပေးဖို့ပိုအဆင်ပြေမယ်ပေါ့။ မွန်ပါတီတွေများနေတော့ မဲမပေးတဲ့လူနဲ့ တခြား ပါတီတွေကို မဲပေးလိုက်ရတဲ့လူတွေနဲ့ ဖြစ်သွားကြတဲ့ပုံစံမျိုးလေးဖြစ်သွားတယ်။ အခု မွန်ပါတီတွေ၊ မွန်နိုင်ငံရေးအင်အားစုတွေ တကယ်ပေါင်းစည်းသွားပြီလို့ပြည်သူတွေက ယုံကြည်သွားပြီဆိုရင် မွန်ပါတီအနေနဲ့အလားအလာကောင်းတွေရရှိနိုင်ပါတယ်။ ဒါပေမဲ့ မွန်နိုင်ငံရေးပါတီ တစ်ပါတီတည်းဖြစ်၊မဖြစ်တော့ မွန် ပြည်သူတွေအနေနဲ့စောင့်ကြည့်ဖိုတော့ လိုအပ်ဦးမယ်လို့တောင် ထင်ပါတယ်” ဟု  နိုင်မင်းမင်းနွယ်က ပြောကြားသည်။

မွန်ပါတီများ၊ မွန်နိုင်ငံရေးအင်အားစုများ တပေါင်းတစည်းတည်း ပေါင်းစည်းပြီး၍ အနာဂတ်မွန်ပါတီ ကျစ်လျစ်ခိုင်မာရေးနှင့် အင်အားတောင့်တင်းရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်သည့်အခါတွင် ပြီးခဲ့သည့် နမူနာများဖြစ်သည့်  အချင်းချင်းသွေးကွဲခြင်း၊ အယူအဆကွဲခြင်း၊ အုပ်စုကွဲခြင်း၊ ပါတီကွဲခဲ့ခြင်းတို့ကို နမူနာယူကာ နောက်နောင်မဖြစ်ရအောင် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်မင်းမင်းနွယ်က ဆက်လက်ပြောကြားသည်။

“ပါတီကွဲတော့၊ မဲကွဲပြီး မဲရှုံးခဲ့ကြတယ်။ မဲရှုံးတော့ လွှတ်တော်မှာလည်း နေရာမရကြဘူး။ လွှတ်တော်မှာ နေရာမရကြတော့ ပြည်သူတွေအတွက် ပြောအားဆိုအားမရှိတဲ့အခါကြတော့ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု မရကြဘူးဖြစ်ခဲ့ကြတယ်။ ဒီတစ်ချီမှာတော့ အဲဒီလိုမျိုးထပ်မဖြစ်ရလေအောင် သတိပြုကြဖို့လိုပါမယ်။ ပြည်သူတွေအနေနဲ့ကလည်း မွန်ပါတီတွေပေါင်းရင် မဲပေးကြမယ်လို့ ပြောထားကြတဲ့အတိုင်း အခု မွန်ပါတီကို မဲပေးကြဖို့ တာဝန်ရှိပါတယ်” ဟု နိုင်မင်းမင်းနွယ်က ပြောကြားသည်။

မွန်နိုင်ငံရေးပါတီအသစ်ဖြစ်သော ‘မွန်ပါတီ’ အနေဖြင့် ပါတီတံဆိပ်၊ ပါတီအလံ၊ ပါတီ ဖွဲ့စည်းပုံ၊ စည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်း ဆွေးနွေးအတည်ပြုသွားမည်ဟု သိရသည်။