သုံးခွမြို့ မြန်မာ့ပင်လယ်ပြင်တွင်တွေ့ရှိသော Sam Ratulangi ကုန်တင်ရေယာဉ်မှာ ဘင်္ဂလားဒေ့ရှ်ရှိ သင်္ဘောဖျက်စက်ရုံသို့ပို့ဆောင်ရန် တွဲဆွဲထွက်ခွာလာစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတွဲဆွဲယာဉ်အား ထိန်းသိမ်းစစ်ဆေးနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်

သုံးခွမြို့ မြန်မာ့ပင်လယ်ပြင်တွင်တွေ့ရှိသော Sam Ratulangi ကုန်တင်ရေယာဉ်မှာ ဘင်္ဂလားဒေ့ရှ်ရှိ သင်္ဘောဖျက်စက်ရုံသို့ပို့ဆောင်ရန် တွဲဆွဲထွက်ခွာလာစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတွဲဆွဲယာဉ်အား ထိန်းသိမ်းစစ်ဆေးနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်
Published 1 September 2018

Photo Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး /VK လူမှုကွန်ရက်

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ စစ်တောင်မြစ်ဝအနီး မြန်မာ့ပင်လယ်ပြင်တွင် တွေ့ရှိသော Sam Ratulangi အမည်ရှိ ကုန်တင်ရေယာဉ်မှာ အင်ဒိုနီးရှားနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ရှိ သင်္ဘောဖျက်စက်ရုံသို့ပို့ဆောင်ရန် Independence  တွဲဆွဲယာဉ်က တွဲဆွဲထွက်ခွာလာစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတွဲဆွဲယာဉ်အား ထိန်းသိမ်း စစ်ဆေးနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၃၁ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က ထုတ်ပြန်ခဲ့သည်။

အဆိုပါကုန်တင်ရေယာဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ရန် Independence ပင်လယ်သွား တွဲဆွဲရေယာဉ်သည် သြဂုတ် ၁၃ ရက်က ထွက်ခွာလာပြီး သြဂုတ် ၂၆ ရက်တွင် ရန်ကုန်မြစ်၀ တောင်ဘက်သို့ ရောက်ရှိစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် တွဲဆွဲကြိုးအချို့ ပြတ်တောက်ကာ ရေယာဉ်မှာ ရေစီးကြောင်းနှင့်အတူ မျောပါ၍ ဆက်လက်သွားရောက်ရန် အခက်အခဲရှိ၍ ယခုနေရာအနီး၌ ထားရှိခဲ့ခြင်းဖြစ်သည်ဟု ကနဦး သိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာ့ပင်လယ်ပြင်တွင် တွေ့ရှိသော Sam Ratulangi အမည်ရှိ ကုန်တင်ရေယာဉ်ပေါ်တွင်  သင်္ဘောသားများ မတွေ့ရှိရဘဲ ရေယာဉ်ထိန်းချုပ်မောင်းနှင်ရေးနှင့် ရေကြောင်းသွားလာမှုဆိုင်ရာ ပစ္စည်းကိရိယာများ၊ အင်ဂျင်နှင့် စက်ပစ္စည်းများ၊ ပင်လယ်ရေနှင့် ဆီအညစ်အကြေးများ ရောနှော ဝင်ရောက်လျက်ရှိကာ အသုံးပြုနိုင်မှု မရှိအောင် ဟောင်းနွမ်းပျက်စီးနေကြောင်း၊ ချက်ပြုတ်ခန်းနှင့် စားသောက်ခန်းတို့တွင် ချက်ပြုတ်စားသောက်ထားသည့် အနေအထားမတွေ့ရှိခြင်း၊ အသက်ကယ်ဖောင်နှင့် အသက်ကယ်လှေများ အသုံးပြုထားသည့် ပုံစံ မတွေ့ရှိရဟု ကနေဦးတွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြန်မာ့ပင်လယ်ပြင်တွင် ရပ်တန့်နေသော ၎င်းကုန်တင်ရေယာဉ်သည် စုံစမ်းစစ်ဆေးချက်များအရ  Palau နိုင်ငံတွင် မှတ်ပုံတင်ထားကြောင်းနှင့်  ကုန်တင်ရေယာဉ်၏ ဦးပိုင်းထိပ်ပိုင်းတွင် တွဲဆွဲရာ၌ အသုံးပြုသည့် Cable ကြိုးနှစ်ချောင်းကို တွေ့ရှိခဲ့ပြီး တွဲဆွဲရေယာဉ်တစ်စင်း၏အကူအညီဖြင့် တွဲဆွဲလာခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ထို့ကြောင့် တပ်မတော်(ရေ) ကမ်းရိုးတန်းစောင့်ကြည့် ရေဒါမှတ်တမ်းများအား စစ်ဆေးရာ သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တွင် ရန်ကုန်မြစ်ဝနှင့် စစ်တောင်း မြစ်ဝအကြားနေရာတစ်ဝိုက်၌ ရေယာဉ် နှစ်စင်း၏ သံသယဖြစ်ဖွယ်လှုပ်ရှားမှုများတွေ့ရှိရသဖြင့် အချက်အလက်များအပေါ်မူတည်၍ မြန်မာ့ပင်လယ်ပြင်အတွင်း စစ်ရေယာဉ် များဖြင့် ပိုက်စိပ်တိုက်ရှာဖွေခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထိုသို့ရှာဖွေရာ ယင်းမသင်္ကာဖွယ်ရာ ရေယာဉ်အား သြဂုတ် ၃၁ ရက် နံနက် ၁၁ နာရီတွင် မြန်မာ့ကမ်းရိုးတန်းနှင့် မိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်၌ တစ်ဖက်နိုင်ငံရေပြင်သို့ ဦးတည် ခုတ်မောင်းလျက်ရှိသော Independence အမည်ရှိ ပင်လယ်သွား တွဲဆွဲရေယာဉ်အား တွေ့ရှိခဲ့၍ ထိန်းသိမ်းခေါ်ဆောင်ပြီး  စစ်ဆေးမေးမြန်းခဲ့ကြောင်းသိရသည်။

တွဲဆွဲရေယာဉ်၏ ပိုင်ရှင်မှာ မလေးရှားနိုင်ငံမှဖြစ်ပြီး ယာဉ်ပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား အမှုထမ်း ၁၃ ဦးပါဝင်ကြောင်း  ထပ်မံ၍ အသေးစိတ်များကို တာဝန်ရှိသူများနှင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။