ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာ ၃ ရက်တွင် စတင်နိုင်ပြီး ကျင့်ဝတ်နှင့်အညီ မဲဆွယ်စည်းရုံးကြရန် ရွေးကောက်ပွဲကော်မရှင် အသိပေး

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာ ၃ ရက်တွင် စတင်နိုင်ပြီး ကျင့်ဝတ်နှင့်အညီ မဲဆွယ်စည်းရုံးကြရန် ရွေးကောက်ပွဲကော်မရှင် အသိပေး
Published 27 August 2018

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာ ၃ ရက်မှ စတင်နိုင်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ကျင့်ဝတ်များနှင့်အညီ မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၄ ရက်တွင် ကြေညာချက်ထုတ် ပြန်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ကော်မရှင်က ကြေညာသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်တစ်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားပြီး သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲအသီးသီးက လွှတ်တော်ရွေးကောက် ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်အ တည်ပြုကြေညာထားသည့် နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံးမှုများပြုလုပ်ရာတွင် ဥပဒေနှင့်အညီလွတ်လပ်၍ တရားမျှတမှု ရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၁.၇.၂၀၁၄ ရက်စွဲပါ ညွှန်ကြားချက် အမှတ် (၁/၂၀၁၄) ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးပါတီများအားလုံး၏ သဘောတူညီချက်ဖြင့် ရေးဆွဲထားသော နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (Code of Conduct for Political Parties and candidates) ကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက် တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများသည် လွတ်လပ်၍ တရားမျှတသော၊ အေးချမ်းသာယာသော ရွေးကောက်ပွဲများဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြော ခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်တို့နှင့်အညီ မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာခဲ့သည်။