မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် တရားခံက ရဲတပ်ဖွဲ့အား ရန်ပြုသောကြောင့် သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးခဲ့ရပြီး မူးယစ်တရားခံများထံမှ တူမီးသေနတ် နှစ်လက်နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိမှု ဗန်းမောက်မြို့နယ်၌ ဖြစ်ပွား

မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် တရားခံက ရဲတပ်ဖွဲ့အား ရန်ပြုသောကြောင့် သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးခဲ့ရပြီး မူးယစ်တရားခံများထံမှ တူမီးသေနတ် နှစ်လက်နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိမှု ဗန်းမောက်မြို့နယ်၌ ဖြစ်ပွား
Published 27 August 2018

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် သြဂုတ်၂၅ ရက်က မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် တရားခံက ရဲတပ်ဖွဲ့အား ရန်ပြုမူခဲ့သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး မူးယစ်တရားခံများထံမှ တူမီးသေနတ် နှစ်လက်နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိမှု ဗန်းမောက်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဗန်းမောက်မြို့မ ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

ဗန်းမောက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေနှင့် အဖွဲ့သည် တောင်းချောင်းအနီးရှိ ဦးမန်းရှင်း၏ လယ်တဲသို့ မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ တဲပေါ်တွင် ဦးမန်းရှင်းနှင့် အောင်တုတ်တို့ နှစ်ဦးအား တွေ့ရှိခဲ့ရကြောင်း သိရသည်။

အောင်တုတ်ဆိုသူက တဲပေါ်တက်လာသူ မူးယစ်ဆေးဝါး ဖမ်းဆီးရေး အဖွဲ့ဝင်များအနက် ရဲဒုတပ်ကြပ် မြတ်သူအောင်အား အရိုးအသွား သုံးပေခန့်၊ အသွားလေးလက်မခန့်ရှိ ရဲတင်းဖြင့် ခုတ်ရန်ပြေးလာစဉ် ရဲဒုတပ်ကြပ် မြတ်သူအောင်မှ ၎င်း၏လက်ထဲတွင် ကိုင်ဆောင်ထားသော MA - 13 နံပါတ်ပါ M - 32429 သေနတ်ဖြင့် ကျည်တစ်ထောင့်နှင့် ပစ်ခတ်ခဲ့သောကြောင့် အောင်တုတ်၏ ဝဲဘက်ဝမ်းဗိုက် အရှေ့ဘက်တွင် ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထို့နောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ဗန်းမောက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့သည် တဲအတွင်း ဝင်ရောက်ရှာဖွေရာ အရှည်ငါးပေခန့်ရှိ တူမီးသေနတ် တစ်လက်နှင့် လေးပေခြောက်လက်မခန့်ရှိ တူမီးသေနတ်တစ်လက် စုစုပေါင်း တူမီးသေနတ် နှစ်လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း အလားတူ ဘိန်းဖြူအမှုန့် ၂ ဒသမ ၄ ဂရမ်ခန့်နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် စပ်ဆက်ပစ္စည်းများနှင့် ဓားဦးချွန် တစ်ချောင်းတို့ကို တစ်ပါတည်း ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။