ရွှေစင်ရွှေတုံးများနှင့် စိန်နှင့်မြအပေါ် ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ဆက်လက်ကင်းလွတ်ခွင့် ပေးရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲ

ရွှေစင်ရွှေတုံးများနှင့် စိန်နှင့်မြအပေါ် ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ဆက်လက်ကင်းလွတ်ခွင့် ပေးရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲ
Published 27 August 2018

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရွှေစင် ရွှေတုံးများနှင့်  စိန်နှင့် မြအပေါ် ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ဆက်လက်ကင်းလွတ်ခွင့်ပေးရန် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း၏ အထူးကုန်စည်ခွန်ကဏ္ဍတွင် စီးကရက်၊ အရက်အမျိုးမျိုးနှင့် ဝိုင်တို့ကို အထူးကုန်စည်ခွန်များ တိုးမြှင့်ထားသော်လည်း စိန်နှင့်မြကိုမူ အထူးကုန်စည်ခွန် ကင်းလွတ်ခွင့် ဆက်လက်ပေးရန် ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်သည်။

ကျောက်မျက်ရတနာ အရိုင်းထည်များအတွက် အထူးကုန်စည်ခွန် ကောက်ခံရာတွင် “စိန်နှင့်မြမှအပ ပတ္တမြား၊ နီလာနှင့် အခြား အဖိုးတန်ကျောက်မျက်ရတနာ အရိုင်းထည်များကို အထူးကုန်စည်ခွန် ၁၀ ရာခိုင်နှုန်း”  ပေးဆောင်ရန် “စိန်နှင့်မြမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ၊  စိန်နှင့်မြမှအပ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များကို အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်” ဖြစ်ကြောင်း ထည့်သွင်းရေးသားထားပြီး စိန်နှင့်မြ အရိုင်းထည်များနှင့် အချောထည်များကို အထူးကုန်စည်ခွန် ဆက်လက် ခွင့်ပြုပေးရန် ရေးဆွဲထားခြင်း ဖြစ်သည်။

ထို့အတူ ရွှေစင်ရွှေတုံးများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ဆက်လက်ခွင့်ပြုရန်လည်း ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ပုဒ်မ ၁၄ (က) တွင် ထည့်သွင်းရေးဆွဲထားသည်။

စိန်နှင့်မြတို့အပေါ် အထူးကုန်စည်ခွန် ကောက်ခံခြင်းနှင့် ရွှေစင်ရွှေတုံးတို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းတို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကင်းလွတ်ခွင့်ပြုရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း သဝဏ်လွှာပေးပို့ခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ လာရောက်ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်သာ စိန်နှင့်မြကို အထူးကုန်စည်ခွန် ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

စိန်နှင့်မြတို့သည် ပြည်တွင်းတွင် ထုတ်လုပ်မှု မရှိသဖြင့် တည်ဆဲအထူးကုန်စည်ခွန် ဥပဒေအရ ပြည်တွင်းထုတ်လုပ်မှု အပေါ်တွင် အထူးကုန်စည်ခွန် ကောက်ခံရရှိနိုင်မည် မဟုတ်ဘဲ ပြည်ပမှတင်သွင်းမှု အပေါ်တွင်သာ အထူးကုန်စည်ခွန် ကောက်ခံရရှိမည် ဖြစ်ကြောင်းနှင့် ရွှေစင်ရွှေတုံးကဲ့သို့ ကုန်စည်အား နိုင်ငံတကာတွင် ငွေကြေးကဲ့သို့ တန်ဖိုးသတ်မှတ်၍ အသုံးပြုလျက်ရှိရာ ရွှေစင်ရွှေတုံး ထုတ်လုပ်မှုအတွက် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းနှင့် ရောင်းချမှုတိုင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းတို့သည် ရွှေစင်ရွှေတုံးများအား ဈေးဖွင့်ရောင်းချရာတွင် ကမ္ဘာ့ဈေးကွက်ဈေးနှုန်းဖြင့် ရောင်းချမှု မပြုနိုင်ဘဲ ဈေးနှုန်းတည်ငြိမ်မှုအား ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ရွှေစင်ရွှေတုံးများကို သွယ်ဝိုက်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့် ပြုထားသည်ကို တွေ့ရကြောင်း၊ ရွှေစင်ရွှေတုံးများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုခြင်းအားဖြင့် နိုင်ငံအတွင်း ရွှေဈေးကွက် ဖွံ့ဖြိုးတိုးတက် လာစေနိုင်သည့်အပြင် ငွေကြေးတန်ဖိုးခိုင်မာမှုကို အထိုက်အလျောက် အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်းတွင် ဖွင့်လှစ်ရန် ရည်ရွည်ထားသည့် နိုင်ငံတကာအဆင့်မီ ရွှေဈေးကွက် ဖြစ်ပေါ်စေရေးအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“သို့ဖြစ်ပါ၍ စိန်နှင့်မြတို့အား အထူး ကုန်စည်ခွန် ကင်းလွတ်ခွင့်ပြုခြင်းအားဖြင့် ပြည်တွင်းမှာ ထုတ်လုပ်နိုင်မှုမရှိသည့်အတွက် ပြည်ပမှစရိတ်သက်သာစွာဖြင့် တရားဝင် တင်သွင်းနိုင်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့ လက်ခစားကျောက်သွေး လုပ်ငန်း လုပ်ဆောင်ခြင်းဖြင့် ကျောက်သွေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုစေနိုင်မည်ဖြစ်ခြင်း၊ ထိုသို့ဆောင် ရွက်ခြင်းဖြင့် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာနိုင်ခြင်း၊ ကျောက်သွေးပညာရပ် ပိုမိုတိုးတက်လာပြီး ပြည်တွင်းထွက် ကျောက်စိမ်းကျောက်မျက်နှင့် ပတ္တမြားကဲ့သို့ ကျောက်မျက်များအတွက် ပါကုန်ချောကုန်စည်အဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ခြင်း၊ နိုင်ငံတကာာအဆင့်မီ ကုန်ချောကုန်စည်ကို ပြည်ပသို့တင်ပို့ရောင်းချပါက ဈေးနှုန်းပိုမိုရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထိုသို့ပြောကြား ထားသော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရွှေစင်ရွှေတုံးများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ဆက်လက်ခွင့်ပြုရန်နှင့် စိန်နှင့် မြကို အထူးကုန်စည်ခွန် ဆက်လက်ကင်းလွတ်ခွင့်ပေးရန် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲ ထားခြင်းဖြစ်ပြီး အဆိုပါ အခွန်အကောက် ဥပဒေကြမ်းပါ အခွန်နှုန်းထား တိုးမြှင့်ခြင်း၊ အခွန်ကင်းလွတ်ခွင့် ပြုခြင်းများအတွက် လက်ရှိကာလနှင့် စက်တင်ဘာလအတွင်း ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။